တာမွေမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ(ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့) မှ တာဝန်ရှိသူများက တာမွေမြို့နယ် ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက် နှင်းဆီလမ်း တစ်လျှောက်ရှိ ပျက်စီး ယိုယွင်းနေသော မြေအောက် မြောင်းနံရံအား ကျောက်စီခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းနှင့် မြေအောက်မြောင်းအတွင်းရှိ နုန်းများ၊ အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပျက်စီးယိုယွင်းနေသော မြေအောက်မြောင်းနံရံအား ကျောက်စီခြင်းလုပ်ငန်း ဆောင်ရွက် ပေးခြင်းနှင့် မြေအောက်မြောင်းအတွင်းရှိ နုန်းများ၊ အမှိုက်များ ဆယ်ယူ ရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေ များအား တာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးနှင့် မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထိုကဲ့သို့ ဆောင်ရွက်ပေးနေမှုအပေါ် လမ်းသွားလမ်းလာတစ်ဦးကလည်း "အခုလို မြို့နယ် စည်ပင်ဌာနက တာဝန်ရှိသူတွေအနေနဲ့ ဒီမြေအောက်မြောင်း နံရံအား ပြုပြင်ပေးခြင်းနှင့် မြောင်းအတွင်းရှိ နုန်းများနှင့်အမှိုက်များ ဆယ်ယူရှင်းလင်းခြင်း ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ယခင်ကဆိုရင် ဒီမြေအောက်မြောင်း နံရံဟာ ပျက်စီးယိုယွင်းနေပြီး မြောင်းအတွင်း နုန်းများ၊ အမှိုက်များ မကြာခဏဆိုသလို ပိတ်ဆို့နေတဲ့အတွက် မိုး သည်းထန်စွာ ရွာသွန်းချိန်များ၌ လမ်းမများပေါ်သို့ ရေများလွှမ်းမိုးလျက်ရှိခြင်းကြောင့် ကျွန်မအပါအဝင် လမ်းသွားလမ်းလာအချို့ သွားရေးလာရေးတွင် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ရပါတယ်။ ယခုလို ဒီမြေအောက်မြောင်း နံရံအား ပြုပြင်ပေးခြင်းနှင့် မြောင်းအတွင်းရှိ နုန်းများနှင့်အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးသွားပါက ဒီနေရာမှာ ယခင်ကလို လမ်းမပေါ်သို့ ရေများလွှမ်းမိုးခြင်း ပြဿနာမှ ကင်းဝေးသွားစေနိုင်မှာဖြစ်တဲ့အပြင် လမ်းသွား လမ်းလာများနှင့် ရပ်ကွက်နေပြည်သူများအဖို့ သွားလာရေးတွင် အဆင်ပြေ ချောမွေ့လာနိုင်လိမ့်မယ်ဆိုတာ ယုံကြည် မိပါတယ် " ဟု ပြောကြားခဲ့သည်။

အဆိုပါ မြေအောက်မြောင်းမှာ အရှည်ပေ(၅၀၀)၊ အကျယ် (၆)ပေနှင့် အမြင့် (၆)ပေရှိပြီး တိုင်းဒေသကြီး လွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တာမွေမြို့နယ်စည်ပင်သာယာရေးကော်မတီ (ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံအဖွဲ့)မှ တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)