တာမွေမြို့နယ်တွင် စျေးကားများဖြင့် သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းသက်သာစွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်

ရန်ကုန်     ဒီဇင်ဘာ     ၂၂

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများမှ ဒီဇင်ဘာလ(၂၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန်မှ စတင်ကာ  တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက်ရှိ ရာဇသင်္ကြန်လမ်း (ဇေယျာသုခလမ်းနှင့် မာလာနွယ်လမ်းကြား)၌ သန့်ရှင်းလတ်ဆတ်သော သား/ငါး၊ ဟင်းသီးဟင်းရွက် များနှင့်စားသောက်ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စျေးကား များဖြင့်  လှည့်လည်ပြီး စျေးနှုန်းချိုသာစွာဖြင့် အိမ်တိုင်ရာရောက် လိုက်လံ ရောင်းချပေးသွားမည်ဖြစ်ကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ လမ်းများအလိုက် မော်တော်ယာဉ်ဖြင့် အသိပေး နှိုးဆော်ခဲ့ကြသည်။

ထိုကဲ့သို့ သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို စျေးကားများဖြင့် လှည့်လည်ပြီး အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် အသင့်ထုတ်ပိုးပြီး ရေချို / ရေငံငါးအမျိုးမျိုး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို လူတန်းစား မရွေး ဝယ်ယူနိုင်တဲ့ အလေးချိန်များနှင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေး၊ မိမိတို့နေအိမ်မှ ကွာဝေးသော စျေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုသည့်အတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော သား/ငါး ၊ဟင်းသီးဟင်းရွက်များနှင့်  စားသောက်ကုန်ပစ္စည်း များအား ပြည်သူများ နေထိုင်ရာ ရပ်ကွက်များအတွင်း ဝယ်ယူရရှိနိုင်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)