ကျောက်တန်း ဒီဇင်ဘာ ၂၂
လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုအား ကာကွယ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် Stay at Home ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုလျော့ကျစေရန် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဈေးများ၊ ကားဂိတ်များနှင့် မြို့အဝင်အထွက်နေရာများတွင် မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေ စနစ်တကျတပ်ဆင်ရေးနှင့် မလိုအပ်ဘဲ အပြင်သွားလာခြင်းများ မပြုရန် စစ်ဆေးမှုများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မော်တော်ယာဉ်များ အဓိက ဝင်ထွက်သွားလာသည့် အထက မြိုင်သာယာ ကျောင်းရှေ့၊ မြို့အဝင်ဂတ်တန်းကွေ့နှင့် မီးပွိုင့်လမ်းဆုံနေရာများတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ဦးဆောင်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပြည်သူများအနေဖြင့် နေအိမ် ပြင်ပသို့ သွားလာပါက မျက်နှာနှင့် နှာခေါင်းစည်း Mask မဖြစ်မနေတပ်ဆင်ရေး ၊ Stay at Home ကာလအတွင်း မိမိတို့နေအိမ်မှာသာ နေထိုင်ကြရန် အသိပညာပေးခြင်းများ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား အလေးထား လိုက်နာကြရန် Hand Speaker ဖြင့် ကျန်းမာရေး အသိပညာ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး အကြောင်းတစ်စုံတစ်ရာ ခိုင်လုံမှုမရှိခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက်/ ကျေးရွာမှ ထောက်ခံချက် မပါရှိဘဲ မြို့အတွင်းသို့ ဝင်ရောက်လာသည့် မော်တော်ယာဉ်များအား စစ်ဆေးကာ ထောက်ခံချက်မပြသနိုင်ပါက ပြန်လည်စေလွှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း မလိုအပ်ဘဲ နယ်မြေ ကျော်လွန်ခြင်းများ မပြုစေရေးအတွက် ယနေ့မှစတင်ကာ အဝင်အထွက်များ စစ်ဆေးခြင်းကို ဇန်နဝါရီ လဆန်း ပိုင်း အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)