ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာနှင့် အဖွဲ့ အစည်းများ ပူးပေါင်း၍ မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် (Mask Campaign) ဆောင်ရွက်

ကွမ်းခြံကုန်း ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား နှိုးဆော်အသိပေးခြင်းနှင့် နှာခေါင်းစည်း mask များ ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေ(၄) နာရီ မှစ၍ ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများ ပူးပေါင်း၍ မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး (Mask Campaign) ဆောင်ရွက်မှုကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ (We Love Kungyangon) အဖွဲ့တို့ ပူးပေါင်း၍ မြို့လယ်အဝိုင်း၊ ဇာတိမာန်ခန်းမရှေနှင့် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် သွားလာနေသော အများပြည်သူများ၊ စက်ဘီး၊ ဆိုင်ကယ်၊ အနှေးယာဉ်၊ မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါ လာသူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားထားသော စည်းကမ်းချက်များအား အလေးထား လိုက်နာဆောင်ရွက်ကြရန် လက်ကိုင်အသံချဲ့စက် အသုံးပြု၍ အသိပေးနှိုးဆော်ခြင်း၊ လက်ကိုလက်သန့် ဆေးရည်အသုံးပြု၍ မကြာခဏ ဆေးကြောရန်တို့ကို အသိပညာပေးခြင်း ပါးစပ်၊ နှာခေါင်းစည်း (mask) များအား အခမဲ့ပေးဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)