ချောင်းဦး ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် တောကျောင်းကြီးကျေးရွာအုပ်စု ကွင်းအမှတ် ၁၉၆၃.က၊ ဦးပိုင်အမှတ် ၂၇၀ ဧရိယာ ၁.၅၅ ဧကရှိ တောင်သူ ဦးသန်းငွေ၏ မနောသုခစပါးစိုက်ခင်းတွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်၊ မိုးစပါးအထွက်နှုန်းနှင့် စုစုအထွက်မှန်ကန်ရေး စစ်တမ်းကောက်ယူနိုင်ရန်အတွက် ကိုယ်စားပြု စံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့စံကွက်ရိတ်သိမ်းရာတွင် ကွင်းအမှတ် ၁၉၆၃.က အတွင်း မိုးစပါး စိုက်ဧရိယာ ၈၁၄ ဧက ရှိသည့်အနက် မနောသုခစပါးမျိုး ၅၉၂ ဧက မှ ကောင်းဧရိယာ ၁၄၁ ဧကအား ကိုယ်စားပြုသည့် ဦးပိုင်အမှတ် ၂၇၀ ဧရိယာ ၁.၅၅ ဧကရှိ တောင်သူ ဦးသန်းငွေ၏ မနောသုခစပါးစိုက်ခင်းတွင် ၀.၀၀၁ ဧက စိုက်ကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက စပါးအစိုအထွက်နှုန်း ၁၁၀.၆၅ တင်းနှုန်းထွက်ရှိကြောင်း၊ ချောင်းဦးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ ပြောပြ၍ သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးသန်းလွင်၊ မုံရွာခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးငွေစိုးလွင်၊ မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်၊ ချောင်းဦးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးအောင်ဆွေဦး နှင့် ၀န်ထမ်းများ၊ ချောင်းဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်ခင်မြတ်မြတ်ဦး၊ တောကျောင်းကြီးကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၀င်များ တက်ရောက်ကြကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)