ဘုတလင် ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် လ္ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခွင့်ပြုနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့်အညီ လိုက်နာပြင်ဆင်ထားမှု ရှိ/မရှိကို ဒီဇင်ဘာလ ၂၂ ရက်၊ မနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးထံမှ သိရ သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်း၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လ္ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် အပူချိန်တိုင်းကိရိယာများနှင့် လက်ဆေးဘေလ်စင်များ ထားရှိမှု၊ လေဝင်လေထွက် ကောင်းမွန်မှု၊ သတ်မှတ်အကွာအဝေးနှင့်အညီ ပြင်ဆင်ထားရှိမှု၊ အသိပညာပေး ဗီနိုင်းများ ချိတ်ဆွဲပြသထားမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
“ဘုတလင်မြို့နယ်မှာ စံသတ်မှတ်ချက်(A)အဆင့် ရရှိတဲ့ လ္ဘက်ရည်ဆိုင်နဲ့ စားသောက်ဆိုင် ၂၀ ဆိုင် မှာ ဆိုင်ထိုင်စနစ်နဲ့ ပြန်လည်ဖွင့်လှစ်ရောင်းချနေကြပါပြီ။ ဒီနေ့ ကွင်းဆင်းစစ်ဆေးခဲ့တဲ့ ၁၀ ဆိုင်ကိုလည်း တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ကို တင်ပြပြီး စံသတ်မှတ်ချက်နဲ့အညီ ပြင်ဆင်ထားတဲ့အတွက် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးသွားမှာမို့ ဆိုင်ထိုင်စနစ်နဲ့ ရောင်းချတာ ဆိုင်ပေါင်း ၃၀ အထိ ရှိနေပါပြီ”ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။
ဘုတလင်မြို့နယ်တွင် လ္ဘက်ရည်ဆိုင် ၁၉ ဆိုင်၊ စားသောက်ဆိုင် ၁၃ ဆိုင်၊ စုစုပေါင်း ၃၂ ဆိုင် ရှိရာ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြုရန် ထမင်းဆိုင် နှစ်ဆိုင်သာ ကျန်ရှိပြီး စံသတ်မှတ်ချက်နှင့် အညီ ပြင်ဆင်ပြီးပါက ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)