ပေါက်ခေါင်း ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ပေါက်ခေါင်းမြို့နယ်တွင် JICA, စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကြံစိုက်စက်ဖြင့် ကြံစိုက်ပျိုးသရုပ်ပြပွဲကို သစ်ရောင်းပြန် ကျေးရွာ တောင်သူဦးအောင်နိုင်ဦး၏ ကြံစိုက်ကွက်တွင် ယမန်နေ့က ကြံစိုက်စက်ဖြင့် ကြံစိုက်ပျိုးသရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကြံစိုက်စက်သည် ကြံတစ်ဧကစိုက်ပျိုးလျှင် အချိန်(၃)နာရီကြာပြီး ၅ ပေ ဘောင်စနစ်ဖြင့် စိုက်ပျိုးပါကကြံ(၃)တန်ကုန်ပြီး တစ်နေ့ (၃)ဧက ခန့်စိုက်ပျိုးပြီးစီးကြောင်း ၎င်းစက်ဖြင့် အသုံးပြုစိုက်ပျိုးပါက လုပ်အားခသက်သာခြင်း၊ အချိန်ကုန်သက်သာခြင်းနှင့် မြေဩဇာများအလေအလွင့်မရှိ ထိရောက်စွာအသုံးပြုနိုင်ခြင်းစသည့်တောင်သူများအတွက် အားသာချက် အကျိုးကျေးဇူးများရရှိစေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းထွန်းက ပြောသည်။
သန်းထွန်းအောင်(ပြန်/ဆက်)