သင်္ဃန်းကျွန်း စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘဟန်လမ်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး သင်္ဃန်းကျွန်းမြို့ရုံးတွင် မြို့နယ်အတွင်းရှိ ပြည်သူများအား Smart Card (Biomertric Card) များအား မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဝင်းနိုင်ထွေးနှင့်ဝန်ထမ်းများက နေ့ချင်းပြီးထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူ များပြားလျက်ရှိသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနမှ နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်အထက်ရှိသူများကို Electronic စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) များကို ကောက်ယူမှတ်ပုံတင်၍ ဂဏန်း (၁၀)လုံးပါရှိသည့် UID (Unique Identity Number) သတ်မှတ်ထုတ်ပေးလျက်ရှိရာ Biographic / Biometric အချက်အလက်များ မှတ်ပုံတင်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားသော အထောက်အထားလက်မှတ်တစ်ခုခုအား တစ်ပါတည်းယူဆောင်လာရန် လိုအပ်ကြောင်း သိရသည်။
Smart Card များအား အစိုရရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉:၃၀ နာရီမှ ညနေပိုင်းအထိ လျှောက်ထားသည့် ပြည်သူများအား ထုတ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)