ရန်ကုန် စက်တင်ဘာ ၁၀
အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၃/၂၀၂၅)၊ PowerPoint ၊ Zoom Meeting နှင့် Video Conferencing အသုံးပြုနည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၅)၊ လက်တွေ့အသုံးချကွန်ပျူတာ ကျွန်းကျင်မှု (Essential Networking Engineering Course) သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ သင်တန်းကြီးကြပ်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းဆင်း အမှာစကားပြောကြားရာ e-Government စနစ်သည် အစိုးရဌာနဆိုင်ရာအဖွဲ့စည်းများက ICT နည်းပညာကို အသုံးပြုပြီး ၎င်းတို့၏ ဝန်ဆောင်မှုများကို သုံးစွဲသူပြည်သူများသို့လည်းကောင်း၊ စီးပွားရေးအဖွဲ့အစည်းများသို့လည်းကောင်း၊ ဌာနဆိုင်ရာများသို့လည်းကောင်း၊ အင်တနာနက်မှတစ်ဆင့် ထိရောက်မြန်ဆန်စွာ ဝန်ဆောင်မှုပေးခြင်းဖြစ်ပါကြောင်း၊ အီလက်ထရောနစ်ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာစေရေးနှင့် e-Government ၏ အကျိုးကျေးဇူးများအား သိရှိနားလည်မှု မြင့်မားလာစေရေးသည် e-Government အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ပါကြောင်းနှင့် e-Government စနစ်လုပ်ငန်းများ အောင်မြင်တိုးတက်စေရေးအတွက် ဌာနဆိုင်ရာအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းများအားလုံး လိုက်ပါဆောင်ရွက်ကြကာ သက်ဆိုင်ရာသင်တန်းများကို သင်ကြားတတ်မြောက်ခဲ့သည့် ကျွမ်းကျင်မှုများကို မိမိတို့၏ ဌာနဆိုင်ရာအသီးသီးတွင် ထိထိရောက်ရောက် ပြန်လည်အသုံးချနိုင်အောင် ဆောင်ရွက်ကြရန်စသည်တို့ကို ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းနည်းပြ ဆရာ/ဆရာမများကို ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးများက သင်တန်းများတွင် ဆုရရှိသူများကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သင်တန်းဆင်းလက်မှတ်အားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)