ပြည် ဒီဇင်ဘာ ၂၃
နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်း (NEP) (ကျေးလက်မီးလင်းရေးစီမံကိန်း) အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ငါးရွာအုပ်စု ဥယျာဉ်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက စတင်၍ လျှပ်စစ်မီးထွန်းလင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာမီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာမီးလင်းရေး ကော်မတီဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (NEP) အစီအစဉ်ဖြင့် (၁၀၀)KVA ထရန်ဖော်မာ(၁) လုံး တပ်ဆင်ခဲ့ပြီး (၁၁)KV လိုင်းသွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရပြီး ကျေးရွာနေ ပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် မီတာတန်ဖိုးနှင့် (၄၀၀)KV လိုင်းကြိုးသွယ်တန်းမှုအတွက်သာ ကျခံရကြောင်းနှင့် လျှပ်စစ်မီးရရှိ၍ အဆိုပါ ကျေးရွာမှ ကျေးလက်နေပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း သိရှိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)