ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ မဲသမူး-မဲသမူးခီးကျေးရွာကို ဆက်သွယ်ထားသော မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း (၅၀) ရာခိုင်နှုန်းပြီးစီး

ရှမ်းရွာသစ် ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ပြည်နယ်) ခွင့်ပြုရန်ပုံငွေကျပ် (၇၃.၅၂၀) သန်းဖြင့် ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်း (၂) မိုင်ကို ဒီဇင်ဘာလ ဒုတိယပတ်က စတင် ဖောက်လုပ်လျက်ရှိပြီး ယခုအချိန်တွင် (၅၀) ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဖောက်လုပ်သည့် အရှည် (၂၅၈၀) ပေနှင့် အကျယ် (၃၀) ပေရှိ မြေသားလမ်း (၂) မိုင် ဖောက်လုပ်ပြီးစီးပါက ရှမ်းရွာသစ်မြို့ အတွင်းရှိ ကျေးရွာများမှ ဒေသတစ်ခုမှတစ်ခုသို့ ပိုမိုလွယ်ကူစွာ ကူးလူးသွားလာနိုင်ပြီး ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် မဲသမူးကျေးရွာအုပ်စုရှိ အိမ်ခြေပေါင်း(၁၄၂)အိမ်နှင့် အိမ်ထောင်စုပေါင်း (၁၈၈) စုတို့၏  စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင်  ယခင် ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မဲသမူးကျေးရွာအုပ်စုရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ပြည်နယ်) ခွင့်ပြုရန်ပုံငွေကျပ် (၅၁.၄၂၀) သန်းဖြင့် (၃၀) ပေအရှည်ရှိ ကွန်ကရစ်တံတားတစ်စင်းနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၉.၂၇၀) သန်းဖြင့် Box Culvert (၂) ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)