ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် Mobile Market စျေးရောင်းယာဉ်များဖြင့် စားသောက်ကုန်များအား ဆက်လက်ရောင်းချ

ကြည့်မြင်တိုင် ဒီဇင်ဘာ ၂၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား သင့်တင့်​သော စျေးနှုန်းဖြင့် ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်အတွင်း သာဓုအရှေ့ရပ်ကွက် နိဗ္ဗာန်လမ်း၊ ဗိုလ်သူရလမ်း(၂)နေရာခွဲ၍ လှည့်လည်ရောင်းချရာ မြို့နယ်စည်ပင်သာယာ​ရေးကော်မတီနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ကြီးကြပ်၍ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါစျေးရောင်းချမှုအား မြို့နယ်အတွင်းရှိလွှတ်​တော်ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးကျော်ရင်တို့မှ ကြည့်ရှုအားပေးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ သား၊ ငါးနှင့် မီးဖိုချောင်သုံးစားသောက်ကုန်များကို ရပ်ကွက်များအရောက် Mobile Market စျေးရောင်းယာဉ် များဖြင့်လှည့်လည်ရောင်းချပေးမှုသည် ကြည့်မြင်တိုင်မြို့နယ်တွင် ဆဋ္ဌမအကြိမ် ရောင်းချ​ပေးခြင်းဖြစ် ပြီး  အလှည့်ကျ ဆက်လက်​ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)