ဗုဒ္ဓမြတ်စွာဘုရား၏ အောက်လက်ဝဲစွယ်တော်ပွား ကိန်းဝပ်စံပယ်တော်မူသည့် ဝန်းသိုမြို့နယ် သီရိမြန်မာစွယ်တော်မြတ် စေတီတော်

ဝန်းသို ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဝန်းသို-ကျောက်တန်းကားလမ်းမကြီးဘေး ညောင်ပင်သာကျေးရွာ၏ မြောက်ဘက် သီရိမြန်မာစွယ်တော်မြတ်တောင်ရိုးပေါ်တွင်  သီရိလင်္ကာ နိုင်ငံ၊ ကန္ဒီ မြို့ရှိ ဗုဒ္ဓမြတ်စွာဘုရား၏ အောက်လက်ဝဲ စွယ်တော်ပွားကို ပင့်ဆောင်ကာ ကိန်းဝပ် တည်ထားပူဇော်လျက်ရှိသည်။

၎င်းစွယ်တော်ပွားအား ဆွီဒင်ဉရောပသာသနာပြု ဆရာတော် ဦးသောဘဏနှင့် ညောင်ပင်သာ ကျေးရွာ ဉာဏိကာရာ မကျောင်း တိုက် ဆရာတော်ဒေါက်တာ အရှင်မေတ္တာစာရတို့ ညီနောင် (၂) ပါးတို့က ဇာတိမြေကို ကျေးဇူးဆပ်သော အနေဖြင့် သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့မှ ပင့်ဆောင်ကာ ဆရာတော် ဒေါက်တာအရှင် မေတ္တာစာရမှ သာသနာပြုနယ်မြေအဖြစ် သတ်မှတ်ရွေး ချယ်ထားသည့် ပိန်းကန်တောင်ရိုးပေါ်ရှိ သီရိမြန်မာ စွယ်တော်မြတ်စေတီ၏ ဂန္ဓကုဋီတိုက်အတွင်း ၂၀၁၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့၌ ကိန်းဝပ်တည်ထားတော်မူခဲ့သည်။

ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ပွား ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် သီရိမြန်မာစွယ်တော်မြတ် စေတီတောင်ရိုးပေါ်တွင် စွယ်တော်နန်းကျောင်းတိုက်၊ ပဉ္စဝင်္ဂီ ၅ ဦးရုပ်ပွားတော်နှင့် အဘယ မေတ္တာလာဘမုနိ (ဆုတောင်းပြည့်ဘုရား) တို့ တည်ထားပြီး အနယ်နယ်အရပ်ရပ်မှ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ လာရောက်ဖူးမြော် ကြည်ညိုနိုင်ပါသည်။ ထို့အပြင် တောင်ရိုးပေါ်တွင် သဘာဝအလျောက် ဖြစ်ပေါ်နေသည့်‌ ကျောက်တုံး၊ ကျောက်လိုင်ဂူများ၊ တောတောင်ရှုခင်းများနှင့် သာယာကြည်နှုးဖွယ် ခံစားနိုင် သည့်အတွက် သဘာဝပတ် ဝန်းကျင် တောတောင်သစ်ပင်များကို ထိန်းသိမ်းစေနိုင်သည့်အပြင် ဝန်းသိုမြို့နယ်၏ ခရီသွား လုပ်ငန်းကဏ္ဍ ပိုမိုမြင့်တင်စေသည့်နေရာ တစ်ခု အပါအဝင်လည်းဖြစ်ကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)