ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း စစ်ဆေး

ပွင့်ဖြူ  ဒီဇင်ဘာ   ၂၃

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် အစည်းအဝေးခန်းမဆောင်သစ်အား ယမန်နေ့ မွန်းလွဲ ၁ နာရီက လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့က လုပ်ငန်းအရည် အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း အောင်နှင့် ကော်မတီအဖွဲ့ဝင်များက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၀၄ ဒသမ ၅၂၈ သန်း ဖြင့် ကျော်သာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ၍ အလျား ၁၀၀ ပေ ၊ အနံ ၄၀ ပေ ၊ အာရ်စီတစ်ထပ် အစည်းအဝေး ခန်းမဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေအား သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည် အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တာဝန်ယူဆောက်လုပ်သည့်ကုမ္ပဏီမှ တာဝန်ရှိ သူများက အစည်းအဝေးခန်းမ ဆောင် တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်ပြီး ကဏ္ဍ အလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါ အစည်းအဝေးခန်းမဆောင်သစ် ဆောက်လုပ်ခြင်းကို ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်းတွင် တည်ဆောက်ခြင်းဖြစ်ပြီး  တင်ဒါအောင်မြင်သည့် ကျော်သာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ၍ ၂၀၂၀ ပြည့်နှစ် ဩဂုတ် လဆန်းပိုင်းက စတင်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုလ ဆန်းပိုင်းတွင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ ပွင့်ဖြူမြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အစည်းအဝေးခန်းမဆောင်သစ် တည်ဆောက် ပြီးစီးသွားပြီဖြစ်၍ ဌာနဆိုင်ရာအစည်းအဝေးပွဲများနှင့် အခြား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးပွဲများကို အဆင်ပြေစွာ ကျင်းပပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )