အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက် တနိုင်တပိုင် (Home garden) စိုက်ပျိုးရေး နည်းစနစ် မှန်ကန်ရေး ပညာပေး ကွင်းသရုပ်ပြ

လှိုင်းဘွဲ ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဒိုင်းပြကျေးရွာအုပ်စု၊ ပုတိန်ကုန်းကျေးရွာတွင် တောင်သူလယ်သမားများ ကိုဗစ်  − ၁၉ ရောဂါ ကာလအတွင်း ကျန်းမာသန့်ရှင်း လတ်ဆတ်ပြီး အသက်ရှင်နေထိုင် စားသောက်နိုင်ရေးအတွက် Home garden စိုက်ပျိုးနည်း စနစ်မှန်ကန်ရေး ပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တက်ရောက် ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် ခရိုင်ဦးစီးမှူး ဦးသက်ဆွေက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) တွင် အစားအစာ များ ဘေးအန္တရာယ် ကင်းရှင်းရေးကဏ္ဍ၊သီးနှံများ၏ အရည်အသွေးကဏ္ဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ လုပ်သားများ ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူမှုဘဝ သာယာဝပြောရေး ကဏ္ဍဟူ၍ ကဏ္ဍကြီး (၄) ရပ် ပါဝင်ကြောင်း၊ အိမ်ခြံဝင်းတနိုင်တပိုင် စိုက်ပျိုးခြင်းဖြင့် ကိုဗစ် − ၁၉ ရောဂါ ကာလတွင် ဈေးများရှိရာ လူစုလူဝေး ရှောင်ရှားနိုင်ကာ စိတ်ပျော်ရွင် ကျန်းမာစွာ အသက်ရှင် နေထိုင်နိုင်ပါကြောင်း၊ တနိုင်တပိုင် စိုက်ပျိုးခြင်းအားဖြင့် စီးပွားရေးကုစားမှုအနေဖြင့် မိသားစု မီးဖိုချောင် သုံး ဝင်ငွေ‌လျော့ချခြင်း ဖြစ်သည့်အတွက် ဝင်ငွေပိုလျှံမှုတိုးပွားလာနိုင်ပါကြောင်း၊ အိမ်ခြံဝင်းတွင် တနိုင်တပိုင်စိုက်ပျိုးခြင်းအားဖြင့် လိုအပ်သည့် စားသုံးနိုင်သည့် ပမာဏအား လတ်လတ်ဆတ်ဆတ် စားသုံးနိုင်သည့် ကျန်းမာရေး ထိန်းသိမ်းခြင်းအတွက် ကောင်းမွန်နိုင်ပါကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းနှင့် ခရိုင် (SMS) များက Home garden စိုက်ပျိုးခြင်း နည်းစနစ်၊ နည်းလမ်းများကို အသီးသီး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တတ်ရောက်လာသော တောင်သူ (၃၀) ဦးအား အိမ်ခြံဝန်းအတွင်း တနိုင်တပိုင် စိုက်ပျိုးနိုင်ရေး အတွက် ဟင်းသီး ဟင်းရွက် မျိုးစေ့ထုတ်များအား လက်ဆောင် ပေးအပ်ခဲ့ကြပြီး Home garden စိုက်ခင်းရှိရာသို့ ခရိုင်ဦးစီးမှူးနှင့်အဖွဲ့မှ လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)