စေတုတ္တရာ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ချီကျေးရွာတွင် စလင်းမြို့သို့ သွားရောက်ခဲ့သူ အမျိုးသားလူနာနှင့်ထိတွေ့သူများအား (RDT) Test Kid ဖြင့် Swab နမူနာယူ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၄)ဦး ထပ်မံ စစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၄)ဦးမှာ အမျိုးသား(၃)ဦးနှင့်အမျိုးသမီး(၁)ဦးတို့ ဖြစ်ပြီး စလင်းမြို့သို့ သွားရောက်ခဲ့သူ အမျိုးသား လူနာနှင့်ထိတွေ့ခဲ့သူများဖြစ်ရာ ချီကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ညနေပိုင်းက (RDT) Test Kid ဖြင့် Swab နမူနာယူ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ပိုးတွေ့လူနာများ အား မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိသူများနှင့် ထိတွေ့သူများအား ဆက်လက် စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ (၈)ဦးရှိပြီဖြစ်ရာ ရောဂါသက်သာ ပျောက် ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၂)ဦး ရှိပြီး လက်ရှိတွင် ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၆)ဦး ကျန်ရှိ ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းချစ်ထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)