မြို့သစ် ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးသီးနှံများတိုးပွားလာရေး၊ တောင်သူများ အနေဖြင့် စိုက်ပျိုးနည်းပညာရရှိပြီး မိမိတို့ကိုယ်တိုင်သီးနှံများ စိုက်ပျိုးလာနိုင်စေရန်ရည်ရွယ်၍ နိုင် ငံခြားတင်ပို့ကုန်ဖြစ်သည့် ဖရဲသီးနှံအား ယင်းချောင်းဘေး တစ်လျှောက်ရှိ တလုပ်ပင်ကွင်း ၊ မကြီး ထူးကွင်း ဧက(၂၀၀)တွင်ဗိုလ်မြင့်သူကုမ္ပဏီနှင့် အကျိုးဆောင် တောင်သူများပူးပေါင်း၍ ဖရဲသီးနှံအား စတင်စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
“ မြို့သစ်မြို့နယ် တလုပ်ပင်ကွင်း ယင်းချောင်းမြေမှာ စိုက်ပျိုးထားတဲ့ ဗိုလ်မြင့်သူ ကုမ္ပဏီနှင့် ဒေသခံ တောင်သူများ အကျိုးတူပူးပေါင်းစိုက်ပျိုးထားတဲ့ ဖရဲစိုက်ခင်းဧက (၂၀၀) ဇုံမှာ ရောက်ရှိနေ တာဖြစ်ပါတယ်၊ စိုက်ပျိုးမှုအနေနဲ့ကတော့ ယခင် ကလည်း စတင်စိုက်ပျိုးစဉ် မြို့နယ်အဆင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တွေကလည်း ကွင်းဆင်းပြီးတော့ လုပ်ငန်းပိုင်း ဆိုင်ရာ ညှိနှိုင်း ပေါင်းစပ်ဆောင် ရွက်ပေးထားတာဖြစ်ပါတယ်။စိုက်ပျိုးမှုကတော့ ဖရဲသီးနှံ(၃) မျိုး စိုက်ထား တာတွေ့ရပါတယ်၊ သုံးထား တဲ့စိုက်ပျိုးနည်းစနစ်တွေကလည်း အိုင်ပီရံလို့ခေါ်တဲ့ ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်းကို သုံးစွဲ ထားတာတွေ့ရပါတယ်၊ မြေသြဇာသုံးစွဲမှုကလည်း ဆာမှကျွေး လိုသလောက်ကျွေး စနစ်အတိုင်း ဒွတ်အစက်ချစနစ်နဲ့ စိုက်ပျိုး ထားပါတယ်၊ ဒီစိုက်ပျိုးထုတ်လုပ် မှုကတော့ ကျွန်တော်တို့မြို့အနေနဲ့ ဒီလိုလုပ်ငန်းစဉ်တွေလာပြီး စိုက်ပျိုးလာမယ်ဆိုရင် ကျွန်တော် တို့မြို့မှာ စိုက်ပျိုးသီးနှံတွေလည်း တိုးလာမယ် ပြီးတော့ နိုင်ငံခြားတင်ပို့ကုန်ဖြစ်တဲ့ ဖရဲကို ကျွန်တော်တို့ ဒေသခံတွေလည်း အချိန်တန်ရင် စိုက်ပျိုးနည်းပညာရရှိပြီး စိုက်ပျိုးလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်၊ ကျွန်တော်တို့ ဒေသဟာ လက်ရှိ ယခင်က ဒီနေရာ ယင်းချောင်းမြေတွေဟာ များများစားစားစိုက်တာမဟုတ်ဘဲနဲ့ စမ်းကောင်း တဲ့နေရာတွေမှာ ကြက်သွန်တွေစိုက်ကြတာ ရှိပါတယ်၊ လက်ရှိကတော့ ဒီယင်းချောင်းမြေသည် ကွင်း အုပ်စု ကွင်းနှစ်ကွင်းမှာတင် ဧက (၂၀၀) ကျော်ဗိုလ်မြင့်သူ ကုမ္ပဏီကနေပြီးတော့ တောင်သူတွေနဲ့ ပေါင်းစပ်ပြီးတော့ စိုက်တာဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့လည်း လုပ်ငန်းပိုင်းဆိုင်ရာ အလုပ် အကိုင်အခွင့်အလမ်းတွေရလာတယ် ၊ ပြီးတော့ ကျွန်တော်တို့ဒေသက နေပြီးတော့လည်း ဒီလိုအဆင့် မြင့် စိုက်ပျိုးထွက်ကုန်တွေ တင်ပို့နိုင်မယ့် လုပ်ငန်းရလဒ်တွေ ရလာမှာဖြစ်ပါ တယ်”ဟုမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
“ ဧက (၂၀၀)မှာ အဓိက ကတော့(၃)မျိုးစိုက်ထားပါတယ်၊ အချိုသီးတစ်မျိုးရယ် ၊ အစေ့မဲ့အ မသီး တစ်မျိုးရယ်၊ နောက်ထပ် အများခေါ် အိတ်ဖိုက်ဖိုက်ဆိုတာ တစ်မျိုးရယ် (၃)မျိုး စိုက်ထားပါ တယ်၊ ဝတ်မှုံကူးရက်ကနေ စတွက်မယ်ဆိုရင် (၁၅)ရက် (၁၈) ရက်သားရှိပါပြီ၊ နောက်ထပ်ဝတ်မှုံကူး ပြီးထိ (၄၅) ရက်အတွင်း နောက်ထပ် (၂၇)ရက် (၂၈)ရက်လောက်ဆို ကျွန်တော်တို့ ရောင်းကွင်းထဲဝင်ပါမယ်၊ အဲဒီအချိန်ကျရင်တော့ ရောင်းတန်းဝင်အဆင့်ဖြစ်ပါတယ်”ဟု ဖရဲစိုက်ခင်း နည်းပညာ တာဝန် ခံ ဦးခင်မောင်ဝင်းမှ ပြောသည်။
အဆိုပါ မြို့သစ်မြို့နယ် တလုပ်ပင်ကွင်း ၊ မကြီးထူးကွင်းမှ ယင်းချောင်းဘေးတစ်လျှောက် ယင်းချောင်းမြေဧက (၂၀၀)တွင် ဖရဲသီးနှံစိုက်ပျိုးထားရှိခြင်းကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင် ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းတို့မှ စိုက်ပျိုးပညာပေးစိုက်ကွင်းလုပ်ငန်း အကူအညီများကို ကွင်းဆင်း၍ ပေါင်းစပ်ဆောင် ရွက်ပေးလျက်ရှိပြီး ဖရဲသီးနှံမှာ ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ဒုတိယ အပတ်တွင် အရည်အသွေးမီ ရောင်း ချနိုင်တော့ မှာဖြစ်ကာ တစ်ဧကလျှင်(၁၅)တန်ခန့်ထွက်ရှိ၍ တစ်တန်လျှင် ငွေကျပ်(၁၀)သိန်းခန့် ရရှိ မှာဖြစ်ပြီး ဖရဲသီးနှံတန်ချိန် (၃၀၀၀) ခန့်ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း ဖရဲစိုက် ကွင်းတာဝန်ခံ ဦးစိုးဝင်းထံက သိရသည်။
ဝင်းအိဇွန် ( ပြန် / ဆက် )