ပွင့်ဖြူ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အမျိုးသား လျှပ်စစ် ဓာတ်အား ရရှိရေးNEP Phase – 2 စီမံကိန်းဖြင့် ကျေးရွာပေါင်း (၂၀)အား ကျေးရွာလျှပ်စစ် မီးလင်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်း ဆောင်ရွက်ခြင်းကို တင်ဒါ အောင်မြင်သည့် (IEM)ကုမ္ပဏီမှ ယခုလ ဒုတိယပတ်က စတင်ပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်ထံက သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး NEP Phase – 2 စီမံကိန်းဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိသည့် ကျေးရွာ များမှာ ပွင့်ဖြူမြို့နယ် ကြူဝင်းကျေးရွာ၊ ဖလံကျင်းကျေးရွာ၊ ပေပင် ကျေးရွာ၊ ရေဖြူတွင်းကျေးရွာ၊ ကျစ်ကိုင်းကျေးရွာ၊ မအူလေးပင်ကျေးရွာ၊ လယ်ဆွဲကျေးရွာ၊ နဘဲကုန်းကျေးရွာ၊ ဂတ်ကုန်း ကျေးရွာ၊ မှရိုးကုန်းကျေးရွာ ၊ ရွာခိုင်ကွက်သစ် ၊ ပေါက်ကုန်းကျေးရွာ ၊ ပေါက်ကုန်းရွာသစ် ၊ ကျောင်စု ၊ ရေချမ်းစင် ဆင်စု၊ ညောင်လှ၊ ချင်းကုန်း၊ ကျောင်းစု(ပြည်လုံးကျော်)ကျေးရွာနှင့် ဆည်ကုန်း(ကွက်သစ်) ကျေးရွာတို့ ဖြစ်ကြောင်း သိရပြီး လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် (IEM) ကုမ္ပဏီမှ တာဝန်ယူ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးရွာလျှပ်စစ်မီးသွယ်တန်းတပ်ဆင်ရာတွင် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်း လုပ်ငန်းကို ကျေးရွာများမှ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရမှာဖြစ်ပြီး အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး NEP Phase – 2 စီမံကိန်းဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ တပ်ဆင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု (၅၆)အုပ်စု ၊ ကျေးရွာပေါင်း ၂၀၄ ရွာ ရှိကာ ယနေ့အထိ ကျေးရွာပေါင်း ၁၆၉ ရွာအထိ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပြီး တစ်မြို့နယ်လုံး လျှပ်စစ်မီး လွှမ်းခြုံနိုင်မှုအနေဖြင့် ၈၃ ရာခိုင်နှုန်းအထိ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )