ကြို့ပင်ကောက်မြို့မှ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား RDT test kit များဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေး

ကြို့ပင်ကောက် ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ မြို့လယ်ချောင်းကျေးရွာ ဓနသီဟစက်သုံးဆီဆိုင်ကုန်တင် ယာဉ်ရပ် နားစခန်းတွင် မြို့နယ်အတွင်းမှ ကုန်ကားမောင်းသူများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးခြင်းကို ယနေ့မှ စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်အတွင်းရှိ ကုန်ကားယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ စစ်ဆေးဆောင်ရွက်ခြင်းကို အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့တွင် နံနက် ၉ နာရီမှ ၁၀ နာရီအချိန်အထိ ဓနသီဟ စက်သုံးဆီ ဆိုင် ယာဉ်ရပ်နားကွင်းတွင် မြို့နယ်မော်တော်ယာဉ်ကြီးကြပ်မှုကော်မတီ၏ မော်တော်ယာဉ်အသင်းဝင် ဖြစ်ကြောင်း ထောက်ခံချက် ကိုဗစ်-၁၉ စစ်ဆေးရန် ညွှန်းပို့လွှာနဲ့အတူ ကုန်ကားယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တစ်ဦးလျှင် ငွေတစ်သောင်းကျပ်ဖြင့် လက်ခံစစ်ဆေးပေး သွားမည်ဖြစ်သည်။

ယင်းသို့ စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရပါက မြို့နယ်တိုင်းရင်းဆေးရုံ ကိုဗစ်-၁၉ စောင့်ကြည့်ကုသရေးဌာနသို့ ပို့ဆောင်ပြီးစောင့်ကြည့်ကုသပေးသွားမည်ဖြစ်ကြောင်း စစ်ဆေးချက်ရလဒ် အဖြေထောက်ခံချက်ကို ကုန်ကားတစ်ခေါက်စာသုံး ရက်သက်တမ်း ခွင့်ပြုပေးထားကြောင်း ယနေ့ စစ်ဆေးပေးသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂၁ ဦးတို့မှာ ရန်ကုန်မှ ကြို့ပင်ကောက်သို့ ကုန်စည် များဖြင့် ပြန်လည်ဝင်ရောက်လာသူများဖြစ်ပြီး အားလုံး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဓာတ်ခွဲဌာနမှ ဓာတ်ခွဲမှူး ဦးဌေးနိုင်ဦးက ပြောသည်။

ကြို့ပင်ကောက်မြို့၏ ကုန်စည်စီးဆင်းမှုအတွက် အသုံးပြုနေသော ကုန်ကားအစီးရေ ငါးဆယ်ခန့်ရှိရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း တစ်ရာဦးခန့်ရှိကြောင်း မြို့နယ်အတွင်းသို့ နေ့စဉ်ကုန်ကား အဝင်အထွက် ဆယ်စီးခန့်ရှိကြောင်းမြို့နယ် ယာဉ်လုပ်ငန်းကြီးကြပ်မှု ကော်မတီထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)