ခရမ်းမြို့နယ် သက္ကယ်ကုန်းကျေးရွာတွင် ကျေးရွာအဆင့် စီမံကိန်း မိတ်ဆက်ပွဲကျင်းပ

ခရမ်း ဒီဇင်ဘာ ၂၃

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း (CDD)ကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီး၊ခရမ်းမြို့နယ် ကျေးရွာ အဆင့် စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီတွင်   ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ခရမ်းမြို့နယ် သက္ကယ်ကုန်း ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါအခမ်းအနားသို့ ခရမ်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး မှအဖွင့်အမှာစကားပြောကြားဖွင့်လှစ်ခဲ့ပြီး  စီမံကိန်းတာဝန်ခံ ဒေါ်ယဉ်မာမျိုးက လူထုဗဟိုပြု ကျေးရွာအဆင့်စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသူများမှ စီမံကိန်းအကြောင်း သိရှိလိုသည်များမေးမြန်းကြရာ လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဒေါ်ယဉ်မာမျိုးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်တို့က ပြန် လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီး တိုင်းကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာ  ကျေးရွာအုပ်စု (၈) အုပ်စုမှ ကျေးရွာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုမင်း (ခရမ်း)