မင်းလှ၌ နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား စစ်ဆေးအရေးယူမှုများပြုလုပ်

မင်းလှ (အောက်)  ဩဂုတ်   ၄

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်သည့် အလေ့အကျင့် ရရှိစေရန် အတွက် ပဲခူးတိုင်း ဒေသကြီး၊ မင်းလှမြို့နယ်တွင်  နှာခေါင်းစည်း(Mask)မတပ်ဆင်သူများအား စစ်ဆေး အရေးယူ ဆောင်ရွက်ခြင်းကို ဩဂုတ် ၄ ရက်နံနက် ၈ နာရီချိန်က အမှတ်(၇) ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ပြုလုပ်ဆောင်ရွက် သည်။

အဆိုပါစစ်ဆေး အရေးယူဆောင်ရွက်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွှန့်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က မြို့တွင်း ဖြတ်သန်း သွားလာနေကြသော ယာဉ်ကြီးယာဉ်ငယ်များ၊ လမ်းသွားလမ်းလာပြည်သူများ နှာခေါင်းစည်း (Mask)မတပ်ဆင် ဘဲ ဖြတ်သန်းသွားလာပါက ဒဏ်ငွေ (၂၀၀၀) ကျပ်ပေးဆောင်စေကာ နှာခေါင်းစည်း(Mask)များ တပ်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ဇူလိုင် ၂၇ ရက်နေ့က စတင် ၍ နေရာများ ပြောင်းရွေ့ကာ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရေး အတွက် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)