ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက်၌ Level 1 အဆင့် မီးလောင်မှုဖြစ်ပွား

ရန်ကုန် ဒီဇင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် မင်းရဲကျော်စွာ ၁ လမ်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ် အချိန်က Level  1 အဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး၊ ဒလမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးကျော်အောင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးခင်မောင်ဝင်း၊ ဒလမြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်ဇော်မိုး၊  မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်ငြိမ်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီး သတ်တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် အုပ်ချုပ်ရေးယာဉ် ၁ စီး၊ မီးသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၃ စီး၊ လူမှု ကူညီရေး အသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ  ၇ မိနစ်အချိန်ခန့် တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အိမ်အမှတ် ၁၁၆၀ ရှိ နေအိမ် ၂ လုံး ဖြစ်သည့်  အလျား ၃၅ ပေ၊ အနံ ၁၃ ပေ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးနှစ်ထပ်အိမ်နှင့် အလျား ၃၅ ပေ၊ အနံ ၁၆ ပေ ပျဉ်ထောင်၊ သွပ်မိုး၊ အုပ်ညှပ် နှစ်ထမ်အိမ် စုစုပေါင်း နေအိမ်(၂)လုံးမှာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ဝဲယာရှိ အိမ်အမှတ် ၁၁၅၉ နှင့် အိမ်အမှတ် ၁၁၆၁ တို့ရှိ တစ်ထပ်နေအိမ်  ၂ လုံးမှာ မီးကူးစက်မှုကြောင့် အနည်းငယ်ပျက်စီးမှုဖြစ်ပွားခဲ့ ကြောင်း၊ အိမ်အမှတ် ၁၁၆၀ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နှစ်ထပ်နေအိမ်အတွင်းရှိ နံရံကပ်ပန်ကာ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်ပြီး ထိခိုက်မှုနှင့် သေဆုံးမှုမရှိကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

နိုင်လင်းကျော်(ဒလ)