လမ်းမတော် ဒီဇင်ဘာ ၂၃
ကုန်သည်စက်မှုအသင်းချုပ်သည် ညီနောင်အသင်းများနှင့်ပူးပေါင်း၍ စီးပွားရေးဆိုင်ရာမူဝါဒများ လေ့လာတင်ပြရေးတို့ကို ဆောင်ရွက်ရာတွင် ချမှတ်ရမည့် ဦးတည်ချက်နှင့်လုပ်ငန်းစဉ်များကို ပိုမို နားလည်သဘောပေါက်စေရန်နှင့် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး အမေရိကန်နိုင်ငံအခြေစိုက် Center for International Private Enterprise (CIPE) မှ ပညာရှင်များ၏ အကူအညီဖြင့် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းတို့ပူးပေါင်း၍ Advocacy Capacity Building Online အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်အား ယမန်နေ့၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မူဝါဒရေးရာတင်ပြရေးနှင့် သုတေသနကော်မတီ ဥက္ကဋ္ဌ၊ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုး၊ အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်၊ အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်၊ မူဝါဒရေးရာတင်ပြရေးနှင့် သုတေသနကော်မတီ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသော ဦးအေးဝင်းနှင့် ဦးမိုးကျော်၊ အတွင်းရေးမှူး ဒေါက်တာတင်လတ်၊ တွဲဖက်အတွင်းရေးမှူး (၁) ဒေါ်နန်းကလျာဝင်း၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးသန်းစိုးနှင့် အခြား သော စီမံခန့်ခွဲရေးကော်မတီဝင်များ၊ လုပ်ငန်းကဏ္ဍအလိုက် ဖွဲ့စည်းထားသော ကော်မတီ များမှ ဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
မူဝါဒရေးရာကိစ္စရပ်များနှင့် ပတ်သက်သည့် ဆောင်ရွက်ရမည့်ကိစ္စရပ်များ အခြားသော နိုင်ငံရှိ ပုဂ္ဂလိက အဖွဲ့အစည်းများမှ ၎င်းတို့အစိုးရထံ မူဝါဒရေးရာ တင်ပြနေသည့် ကိစ္စရပ်များ အကြောင်းကိုရှင်းလင်း၍ တက်ရောက်လာကြသူများမှ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်