ရန်ကုန် ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးယဉ်ပါး တီဘီရောဂါရှိ/မရှိ စစ်ဆေး ရှာဖွေနိုင်သည့် Gene X-Pert စက် တပ်ဆင်ခြင်းနှင့် ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်း မြို့နယ်တို့ရှိ လူနာများအား ကုသပေးနိုင်သော ကုသရေး စင်တာကို ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် GeneX-Pert စက် ထားရှိခြင်း အသိပေး ဆွေးနွေးပွဲမှ သိရသည်။
အသိပေးဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟို (ရန်ကုန်ရုံးခွဲ ) တီဘီ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဇော်မြင့် က “ ဒီနေ့ Gene X-Pert စက် တပ်ဆင်ခြင်းနဲ့ ပတ်သက်ပြီး အသိပေး ဆွေးနွေးခြင်းဖြစ်ပါတယ်။ ဒီဘက်မှာ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်မှာရှိတဲ့ ဆေးယဉ်ပါးတီဘီလူနာတွေကို စစ်ဆေးတဲ့အခါ အရင်တုန်းက အင်းစိန်ကို သွားပြီးစစ်ဆေးရတာဖြစ်ပါတယ်၊ Gene X-Pert စက် ရှိလာတဲ့အခါ ဒီမှာပဲ ဆေးယဉ်ပါးတီဘီရှိ၊ မရှိ တစ်ခါတည်းစစ်ဆေးနိုင်တယ်။ ဆေးယဉ်ပါးတီဘီကုသတဲ့ စင်တာပါ အတူဖွင့်ပြီးတော့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ တစ်နေ့ကို အနိမ့်ဆုံး လူနာ ၁၅ ဦး ကနေ ၂၀ ဦး အထိ စစ်ဆေးပေးနိုင်မယ်၊ ဒီဘက် ၄ မြို့နယ်မှာ ရှိတဲ့ တစ်နေ့ကို လူနာ ၅၀ ကနေ့ ၁၀၀ ကြားမှာရှိတဲ့ လူနာတွေ အားလုံးက ရန်ကုန် အင်းစိန်၊ လသာ တို့ကို သွားစရာ မလိုတော့ဘူး၊ ဒလပြည်သူ့ဆေးရုံမှာပဲ စစ်ဆေးပြီး ကုသနိုင်တော့မယ် အခြေအနေဖြစ်ပါတယ်။ ဒီဘက်မှာရှိတဲ့ ပြည်သူတွေအတွက် အများကြီး အဆင်ပြေသွားမှာဖြစ်ပါတယ်။ မြစ်ကူး ချောင်းခြား သွားစရာ မလိုတော့ဘူး။ ကားတွေနဲ့ လှိုင်သာယာဘက်ကနေ သွားစရာ မလိုတော့ဘူး။ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းဗဟိုနဲ့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ စီမံခန့်ခွဲမှုနဲ့ ညွှန်ကြားချက်များနဲ့အညီ Gene X-Pert စက်တွေကို တပ်ဆင်ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး နှင့် တာဝန်ရှိသူများသည် ပြည်သူ့ဆေးရုံအတွင်း ဓါတ်ခွဲဌာနရှိ Gene X-Pert စက် တပ်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုခဲ့ကြောင်းသိရသည်။ အဆိုပါ ဆေးယဉ်ပါးတီဘီ ရောဂါ ရှိ၊မရှိ စစ်ဆေးရှာဖွေနိုင်သည့် Gene X-Pert စက် မှာ ဒေါ်လာ ၁၇၀၀၀ တန်ဖိုး ရှိကြောင်း၊ တစ်နေ့လျှင် လူနာ ၁၂ ဦးခန့် ရောဂါ ရှိ/ မရှိ စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး ၂ နာရီ အတွင်း အဖြေကို သိရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ တီဘီရောဂါကြောင့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးတို့တွင်များစွာ အကျိုး သက်ရောက် မှုများ ခံစားရကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးထဲမှ ရန်ကုန်တိုင်း ဒေသကြီးသည် တီဘီရောဂါ ဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း၊ လူဦးရေထူထပ်များပြားသော လှိုင်သာယာမြို့နယ်၊ ရွေပြည်သာ၊ တောင်ဒဂုံမြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့၌ တီဘီရောဂါဖြစ်ပွားမှု အများဆုံးတွေ့ရှိရကြောင်းသိရသည်။ တီဘီရောဂါဖြစ်ပွားမှု စစ်တမ်း တွေ့ရှိချက်အရ တစ်နှစ်အတွင်း ဒလမြို့နယ်၌ လူဦးရေ ၁ သိန်းတွင် ၃၀၀ ကျော်ခန့် တီဘီ ရောဂါပိုး တွေ့ရှိကြောင်းသိရသည်။
နိုင်လင်းကျော်(ဒလ)