တောင်တွင်းကြီး ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၇)ဦးသည် သတ်မှတ်ရက် (၁၁) ရက် စောင့်ကြည့် ကုသပြီးဖြစ်၍ ယမန်နေ့ညက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လူနာများမှာ တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံ (အဆောက်အဦသစ်) တွင်ဆေးကုသမှု ခံယူနေသည့် အောင်သုခကျေးရွာမှ အသက်(၁၉)နှစ်အရွယ် အမျိုးသမီး (၁)ဦး၊ ငမင်ကျေးရွာမှ အသက်(၃၄)နှစ်အရွယ်နှင့် အသက် (၂၆) နှစ်အရွယ် အမျိုးသမီး(၂)ဦး၊ ပြည့်ညင်ကျေးရွာမှ အသက်(၂၄)နှစ်အရွယ် အမျိုးသမီး(၁) ဦး၊ ကံလှကန်ကျေးရွာမှ အသက်(၂၉) နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ ဖျောက်ဆိပ်ကုန်းကျေးရွာမှ အသက်(၂၆)နှစ်အရွယ် အမျိုးသား (၁) ဦးနှင့် ထန်းပင်စုကျေးရွာမှ အသက်(၂၉)နှစ်အရွယ် အမျိုးသမီး (၁) ဦးတို့ ဖြစ်သည်။
အဆိုပါလူနာများမှာ ကျန်းမာရေးကောင်းမွန်လာပြီး သတ်မှတ်ထားသည့် ကာလပြည့်ပြီဖြစ် သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုကာ နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက် နေထိုင်ရမည်ဖြစ်ကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၀န်ထမ်းများနှင့် တာ၀န် ရှိသူများက အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့အထိ တောင်တွင်းကြီးမြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ (၁၆၇) ဦးရှိပြီဖြစ်ပြီး ဆေးရုံမှ ဆင်းခွင့်ရသူ (၁၄၃)ဦး၊ ဆေးရုံတွင် စောင့်ကြည့်ကုသဆဲအဖြစ် ပရပ်ကြယ်တိုက်နယ်ဆေးရုံ (အဆောက်အဦသစ်) တွင် (၂၄)ဦး ကျန်ရှိပြီး အဆိုပါ ပိုးတွေ့လူနာများမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)