ပိုင်ကျုံ ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာရှိ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ဒီဇင်ဘာလ (၆) ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် (၆၈) ရာခိုင်းနှုန်းပြီးစီးပြီးဖြစ်ကြောင်း ဒေါ်လန်းကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး ဦးတင်ဦးထံမှ သိရသည်။
ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေကျပ် (၂၅၆) သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၁၉၀၀ပေ x အကျယ် ၁၂ပေ × ၆လက်မ) ရှိပြီး လှိုင်းဘွဲမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့မှ တာ၀န်ရှိသူများ၏ စနစ်တကျလမ်းညွှန်မှုနှင့် ဒေါ်လန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဦးနှင့် ကျေးရွာ ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)