ထီးလင်း ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် တစ်နိုင်တစ်ပိုင် စီးပွားဖြစ်နဂါး မောက်ခြံ စိုက်ပျိုးလုပ်ကိုင်သူ များပြားလျက်ရှိကြောင်း သိရသည်။
ယင်းသို့ နဂါးမောက် စိုက်ပျိုးလုပ်ကိုင်သူ များပြားလာလျက်ရှိရာ “ ကျွန်တော်တို့က နဂါးမောက်ကို စိုက်ပျိုးတဲ့နေရာမှာ သစ်,ဝါးတွေကို အသုံးပြုပြီးတော့ နဂါးမောက် စိုက်မဲ့ တိုင်တွေကို တစ်တိုင်နဲ့တစ်တိုင် ၅ ပေ , ဒါမှမဟုတ် ၆ ပေခန့် ခြားပြီးစိုက်ပါတယ်။ တစ်တိုင်မှာ နဂါးမောက် ပျိုးပင် ၂ ပင်ကနေ ၃ ပင် အထိ စိုက်ထားပါတယ်။ နဂါးမောက် ပျိုးပင်တွေကိုတော့ အခြား မြို့နယ်တွေကနေ မှာပြီးဝယ်ယူထားတာပါ။ စိုက်တာကတော့ နဂါးမောက် အဖြူ နဲ့ အနီ နှစ်မျိုး စိုက်ထားပါတယ်။ စိုက်ထားတဲ့ ပျိုးပင် အားလုံးက ၂၈၈ ပင် ရှိပါတယ်” ဟူ၍ ထီးလင်းမြို့နယ် သရခါကျေးရွာမှ နဂါးမောက် စိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောပြသည်။
နဂါးမောက်သည် အပင် ခြေရင်းတွင် ရေဝပ်,ရေအိုင်ခြင်းမျိုးကို မနှစ်သက်သော်လည်း ရေကို ပုံမှန် လောင်းပေးရန် လိုအပ်လျက်ရှိပြီး စတင် စိုက်ပျိုးသည့်အချိန်မှ တစ်နှစ်ခန့်အကြာတွင် အသီးများ ဆွတ်ခူးရောင်းချ နိုင်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)