တောင်ငူ ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ အ .ထ .က (၁) ကျောင်းသား ကျောင်းသူဟောင်းများအဖွဲ့ စုပေါင်းပြီး ဆရာကြီး ဆရာမကြီး (၁၉၃) ဦးအား (၂၈) မြောက် အာစရိယပူဇော်ပွဲအဖြစ် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဒီဇင်ဘာလ ၂၂ ရက်နေ့က စတင်၍ အစဉ်အလာမပြတ် အိမ်တိုင်ရာရောက် လိုက်လံ ပူဇော်ကန်တော့လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ် -၁၉ ကာလအတွင်း အသက် ၈၀ နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီး ဆရာမကြီး အတွက် ကျန်းမာရေးအထောက်အကူပြုစေရန် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းခုနှစ်သောင်းနှုန်း၊ အသက် ၈၀ နှစ်အောက် ဆရာကြီး ဆရာမကြီးများ အတွက် တစ်သိန်း နှစ်သောင်းနှုန်းဖြင့် ငွေကြေးများကို အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း လိုက်လံပူဇော်ကန်တော့သည့် ကျောင်းသား ကျောင်းသူဟောင်းများ စုပေါင်းအဖွဲ့ထံမှ သိရသည်။
လစဉ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသက် (၇၀) နှစ်နှင့်အထက်လျှင် ငွေကျပ် တစ်သောင်းနှုန်း၊ အသက် ၇၅ နှစ်နှင့်အထက်လျှင် ငွေကျပ် တစ်သောင်းခွဲနှုန်း ၊ အသက် ၈၀ နှစ်နှင့်အထက်လျှင် နှစ်သောင်းနှုန်း ကျန်းမာရေးချို့တဲ့သည့် ဆရာကြီး ဆရာမကြီးများအတွက် အခမဲ့ဆေးကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ဇော်ထက်(တောင်ငူ)