၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးပြုလုပ်

ရေနံချောင်း ဒီဇင်ဘာ ၂၃

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလ ဖြစ်သည့်အတွက် သတ်မှတ်စည်းကမ်းများနှင့်အညီ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရန်နှင့် အခမ်းအနားပြင်ဆင်ခြင်းများကို ဌာနအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက်ဝိုင်းဝန်းအကြံပြုဆွေးနွေးရာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုစိုးကြီး