မုဒုံ ဒီဇင်ဘာ ၂၃
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဒေသခံတောင်သူများသည် ချောင်းရေကို အသုံးပြု၍ ဆောင်း သီးနှံ ပန်းဂေါ်ဖီ စိုက်ပျိုးရေးလုပ်ငန်းအား စိုက်ပျိုးကြရာ စိုက်ပျိုးမှု အဆင်ပြေလျက်ရှိကြောင်း မုဒုံမြို့နယ် ဘဲရမ်းကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။ပန်းဂေါ်ဖီ စိုက်ပျိုးရန် အတွက် ပထမဦးစွာ မိမိတို့ ယာမြေများကို ထွန်ယက်ကာ မိမိတို့ကြိုက်နှစ်သက်သည့် မြေအနေ အထား ရောက်ပြီဆိုတာနှင့် တစ်တန်းနှင့်တစ်တန်း တစ်ထောင်ခြားကာ စိုက်ပျိုးကြပြီး အပင် အနေအထားပေါ် မူတည်၍ ရေလောင်း၊ ပေါင်းသင်၊ ဆေးဖျန်းခြင်းနှင့် သဘာဝ ဓာတ်မြေသြဇာများ ထည့်ခြင်း၊ စိုက်ပျိုးပြီး ၂ လခန့်ကြာပါက ရောင်းတန်းဝင် ပန်းဂေါ်ဖီများကို စတင်ဆွတ်ခူး ရောင်းချရကြောင်း၊ လက်ရှိတွင် စျေးကွက်၌ ပန်းဂေါ်ဖီ (အဖြူ) တစ်ပွင့်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ရောင်းချနေရကြောင်း မုဒုံမြို့နယ် ဘဲရမ်းကျေးရွာမှ ဟင်းသီးဟင်းရွက် စားပင်သီးနှံ စိုက်ပျိုးလုပ်ကိုင်သူ ဦးခင်မောင်ထံမှ သိရသည်။
ကျွန်တော်တို့ လယ်ယာမြေတွေက စပါးစိုက်ပျိုးမှု မဖြစ်ထွန်းတာကြောင့် သီးနှံပင်များဖြစ်သည့် ဖရဲ၊ တိုင်ထောင်ပဲ၊ ဖရုံ၊ ဘူး၊ ရုံးပတေသီး၊ ချဉ်ပေါင်၊ ကန်စွန်းစတဲ့ သီးနှံတွေကို အဓိကစိုက်ပျိုး ကြပါတယ်။ ယခုနှစ်တွင် ဟင်းသီးဟင်းရွက် စားပင်သီးနှံစိုက်ပျိုးရေး လုပ်ငန်းတွင် ပန်းဂေါ်ဖီကို ကျွန်တော်တို့ စတင်စိုက်ပျိုးပြီး ဆွတ်ခူးရောင်းချချိန်၌ စျေးကောင်း ရရှိဖို့ တောင်သူတွေမျှော်လင့် နေကြပါတယ်ဟု ဦးခင်မောင်ကပြောသည်။
ပန်းဂေါ်ဖီသီးနှံများသည် ဟင်းလျာများတွင် တို့စရာအဖြစ်စားသုံး၍ ရသလို အလွယ်တကူ ကြော်ချက်၍ လည်း စားသုံးနိုင်သဖြင့် ပြည်သူများက ဝယ်ယူစားသုံးကြသဖြင့် စျေးကွက်ရှိသည့် သီးနှံတစ်မျိုးဖြစ်ပြီး ပန်းဂေါ်ဖီသီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးလာမည်ဖြစ်ကြောင်း မုဒုံမြို့နယ် ဘဲရမ်းကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)