ဆိပ်ဖြူ မြို့နယ်တွင် စပါးအထွက်နှုန်းကောင်းပြီး ယခင်နှစ်ထက်ဈေးပိုရ

ဆိပ်ဖြူ     ဒီဇင်ဘာ  ၂၃

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ တောင်သူများ မိုးစပါးအောင်မြင်ဖြစ်ထွန်း၍ စပါး အထွက်နှုန်းများပိုခဲ့ပြီး ယခင်နှစ်ထက် ဈေးအနည်းငယ်ပိုရရှိကြောင်းသိရှိရသည်။

ဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်ရှိ မိုးစပါးကို အောက်ဆိပ်လျှပ်စစ် မြစ်ရေတင်မှရေနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကာနည်းပညာများ၊ စပါးမျိုးသန့်များရယူ၍  စိုက်ပျိုးခဲ့ကြရာ  ယခင်နှစ်များထက် စပါး အထွက်နှုန်းပိုမိုရရှိခဲ့ပြီး မိုးစပါးတစ်ဧကလျှင် စပါးတင်း(၁၂၀)မှ (၁၃၀)ကြား ထွက်ရှိကြောင်း ၊ယခုနှစ်မိုးစပါး ပေါ်ချိန်တွင် ဆင်းသုခ စပါးတစ်တင်းလျှင် (၇၅၀၀) ကျပ် ၊ ဧရာမင်းစပါးတစ်တင်းလျှင် (၁၀၀၀၀) ကျပ်အထိ ဈေးရရှိကြောင်း ယခင်နှစ်က စပါးတစ်တင်းဈေးနှုန်းထက် (၅၀၀) ကျပ်မှ တစ်ထောင်ကျပ်အထိ ဈေးပိုမိုရရှိခဲ့ကြောင်း မိုးစပါးစိုက်တောင်သူများ အဆင်ပြေသလို ဒေသခံစပါးစိုက်ပျိုးလုပ်သားပြည်သူများ စပါးစိုက်ပျိုး ၊ရိတ်သိမ်း ၊စပါးသယ် ၊ စပါးရိုက်သူများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ  မိသားစုဝင်ငွေများရရှိကြောင်း စပါးရိတ်သယ်ခြင်းလုပ်ငန်းကို ဧကအလိုက် ပုတ်ပြတ် ဆောင်ရွက်သူများရှိသလို ၊ နေ့စား လိုက်ဆောင်ရွက်ခြင်းများလည်းရှိကြောင်း ၊နေ့စားလိုက် စပါးရိတ်ခြင်းသယ်ယူခြင်းအတွက် အမျိုးသမီးတစ်ဦးလျှင် တနေ့ (၃၀၀၀) ကျပ်၊ တစ်ဧကပုတ်ပြတ် ဆိုလျှင် စပါးရိတ်သယ် တစ်ဧကလျှင် ( ၆၀၀၀၀) ကျပ်ပေးရကြောင်း၊ စပါးရိုက် အမျိုးသားတစ်ဦးလျှင် တစ်နေ့လုပ်အားခ (၇၀၀၀)ကျပ်ထိ ရှိကြကြောင်း ၊မိုးစပါး စတင်စိုက်ပျိုးသည့်အချိန်မှ စပါးရိတ်သိမ်းခြွေပြီးသည်အထိ တစ်ဧက စိုက်ပျိုးစရိတ် စုစုပေါင်း (၃) သိန်းခွဲဝန်းကျင်ထိ ကုန်ကျပြီး မိုးစပါးတစ်ရာသီတွင် စိုက်ပျိုးခဲ့ခြင်းအပေါ်တောင်သူများအနေဖြင့် စိုက်ပျိုးသည့်စပါးမျိုးအလိုက် အမြတ်ငွေကျပ် ၆ သိန်းမှ ကျပ် ၈ သိန်းခွဲဝန်းကျင်အထိ အမြတ်ရရှိကြောင်း  အောက်ဆိပ်မြစ်ရေတင် စပါးစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

စိုးလင်းနိုင်(IPRD)