ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် သန်လျင်၌ လုပ်ငန်းမိတ်ဆက်ရှင်းလင်းပွဲ ကျင်းပ

သန်လျင် ဒီဇင်ဘာ ၂၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ပုံငွေဖြင့် သန်လျင်မြို့နယ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် တွေ့ဆုံကာ လုပ်ငန်းများမိတ်ဆက်ချပြရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန် တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အခမ်းအနားသို့ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ်၊ သန်လျင်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းနှင့် တာဝန်ရှိသူများ၊ သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တာဝန်ခံ အင်ဂျင်နီယာများ၊ တင်ဒါအောင် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန် တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ က အဖွင့်အမှာစကားပြောကြားကာ သန်လျင်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက သန်လျင်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက် ရေပေးရေးလုပ်ငန်း၊ လယ်ယာထုတ်ကုန်လမ်းတံတားလုပ်ငန်းများနှင့် ရေသန့်စင် စနစ်လုပ်ငန်း များ၌ တင်ဒါအောင်မြင်သော ကုမ္ပဏီများအား လုပ်ငန်း မိတ်ဆက်ချပြ ရှင်းလင်းသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း များ၌ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ၊ တာဝန်ခံ အင်ဂျင်နီယာများက လုပ်ငန်းများနှင့် ပတ်သက်သော သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကြရာ သန်လျင်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)