ရန်ကုန် ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက်ရှိ ကန်ဦးကျောင်းတိုက် အတွင်း၌ ဒလ အလင်းတန်းပရဟိတအသင်းမှ မတည်လှူဒါန်းမှုဖြင့် ဗဟုဇနသုခချမ်းသာ ဓမ္မာရုံကြီးတည်ဆောက်ရေးအတွက် ပန္နက်တင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကန်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္န ဝိဇေ္ဇာဘာသ၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဒေါ်မြင့်မြင့်ကြည်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် (၁) ဦးကျော်လင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်အောင်၊ ဒလအလင်းတန်းပရဟိတအသင်းမှ ဥက္ကဌ ဦးမျိုးသိန်း နှင့် အသင်းသားများက ဓမ္မာရုံကြီးတည်ဆောက်ရေးအတွက် ပန္နက်တိုင်အား ရိုက်သွင်းပေးခဲ့ပြီး အမွှေးနံသာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။
အဆိုပါ ဗဟုဇနသုခချမ်းသာ ဓမ္မာရုံကြီးကို အလျား ပေ ၆၀၊ အနံ ပေ ၅၀ RC တစ်ထပ်အမျိုးအစား ဖြင့် ဒလအလင်းတန်း ပရဟိတအသင်းမှ မတည်လှူဒါန်းငွေကျပ်သိန်း ၃၀၀ ဖြင့် တည်ဆောက်လှူဒါန်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)