ဒဂုံတောင် ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာခဲ့ပြီးနောက်ပိုင်း၌ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား တာဝန်ရှိသူများက ဦးဆောင်၍ ယမန်နေ့ည (၂၄:၀၀)အချိန်မှစတင်၍ ကြီးကြပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေး၊ ဒုစရိုက်မှုလျော့နည်းစေရေးနှင့် ပြည်သူများစိတ်အေးချမ်းသာစွာ နေထိုင်ရေး အတွက် အဓိကထားဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ဖြစ်ပွားနေချိန် ကာလအတွင်း ခိုး၊ဆိုး၊လု၊နှိုက်အမှုများနှင့် မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်တားဆီးရေးအတွက် မြို့အဝင် အထွက် နေရာမှစတင်၍ စစ်ဆေးဆောင်ရွက်ကြကြောင်းသိရှိရသည်။
ထို့သို့စစ်ဆေးမှုတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြီးကြပ်စစ်ဆေးဆောင်ရွက်ကြကြောင်းသတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)