ဒဂုံမြောက် ဒီဇင်ဘာ ၂၃
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ထိန်းချုပ်နိုင်ရန် မြိို့နယ်အတွင်း လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင် များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးက "မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအား အချိန်နှင့် တစ်ပြေးညီပြန်လည် ချပြခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမှ ထိန်းချုပ်နိုင်ရန် လမ်းညွှန်ချက်များအတိုင်းဆောင်ရွက်ရာတွင် ကူးစက်မှုမှာ လျော့နည်းလာကြောင်း၊ ရောဂါဖြစ်ပွားမှု လုံးဝကင်းရှင်းသွားပါက Stay At Home မြို့နယ်အဖြစ်မှ လျော့ချနိုင်မည်ဖြစ်ကြောင်း၊ အချို့မြို့နယ်များတွင် Stay At Home မှ ကင်းလွတ်ခွင့်ကို တင်ပြလာသည်များရှိကြောင်း၊ မိမိတို့မြို့နယ်တွင်လည်း ကင်းလွတ်ခွင့် ရရန် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ မြို့နယ်အတွင်း ရောဂါအဖြစ်အများဆုံး၊ အနည်းဆုံးနှင့် အဝင်အထွက်များစစ်ဆေး ဆောင် ရွက်ပြီး အပြိုင်အဆိုင် ထိန်းချုပ်နိုင်သည့်စနစ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ Mask Campaign နှင့် စစ်ဆေးမှုများအား နေ့စဉ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လူစည်ကားရာ စျေးများတွင် ပါးစပ်၊ နှာခေါင်းစည်းများ၊ မျက်နှာကာများ တပ်ဆင် ရောင်းဝယ်ကြရန် လိုအပ်ကြောင်း" ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသော မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ကဏ္ဍအလိုက် ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ