ကြည့်မြင်တိုင် ဒီဇင်ဘာ ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်−၁၉ ကူးစက်ပြန့်ပွားမှုအား ဆက်လက် ထိန်းချုပ်နိုင်ရန် အများပြည်သူများသို့ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ည(၁၀) နာရီက မြို့နယ်အတွင်းရှိ လမ်းမများ၊ ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့နှိုးဆော်ရာတွင် ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက် သွားရန်၊ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ မြို့နယ်အတွင်းရှိ အများပြည်သူ အကျိုးငှာရည်ရွယ်၍ ညမထွက်ရအမိန့်အားထုတ်ပြန် ထားရှိပြီးဖြစ်သဖြင့် နေ့စဉ် ည(၁၂) နာရီမှ နောက်တစ်နေ့နံနက် (၄) နာရီထိ မိမိနေအိမ်မှ ပြင်ပသို့ ထွက်ခွာခြင်း မပြုရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း စသည်တို့ကို အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါအသိပေးနှိုးဆော်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ရင်၊ မြို့နယ်စည်ပင်ကော်မတီအဖွဲ့ဝင်(၂) ဦးလှမျိုးထွန်းနှင့် မြို့နယ် စည်ပင်ရုံးဝန်ထမ်းများမှ လမ်းမများ၊ ရပ်ကွက်များ အတွင်း လိုက်လံနှိုးဆော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)