ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မလိုအပ်ဘဲ နယ်မြေကျော်လွန်သွားလာခြင်း မပြုရန် စစ်ဆေး ဆောင်ရွက်

တံတား  ဒီဇင်ဘာ  ၂၃

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် Stay at Home မြို့နယ်များတွင် ခရစ်စမတ်ကာလနှင့် နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုလျော့ကျစေရန် ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ရှိ မြို့အဝင်အထွက်နေရာများတွင် မလိုအပ်ဘဲ နယ်မြေကျော်လွန် သွားလာခြင်းများ မပြုရန် စစ်ဆေးမှုများကို ယနေ့ မွန်းတည့် ၁၂ နာရီက စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် မော်တော်ယာဉ်များ အဓိက ဝင်ထွက်သွားလာသည့် မြို့အဝင်အထွက် ဂိတ်ဖြစ်သည့် ကဒပ္ပနဂိတ်၌    မြို့အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာပါက မျက်နှာနှင့် နှာခေါင်းစည်း Mask မဖြစ်မနေတပ်ဆင်ရေး ၊ Stay at Home ကာလအတွင်း မိမိတို့နေအိမ်မှာသာ နေထိုင်ကြရန် အသိပညာပေးခြင်းများ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား အလေးထား လိုက်နာကြရန် Hand Speaker ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး  အကြောင်းတစ်စုံတရာ ခိုင်လုံမှုမရှိခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက်/ ကျေးရွာမှ ထောက်ခံချက် မပါရှိဘဲ မြို့အတွင်းသို့ ဝင်ရောက်လာသည့် မော်တော်ယာဉ်များအား စစ်ဆေးကာ ထောက်ခံချက်မပြသနိုင်ပါက ပြန်လည်စေလွှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။      

အဆိုပါ မလိုအပ်ဘဲ နယ်မြေကျော်လွန် ခရီးသွားလာခြင်းများ မပြုလုပ်စေရေးအတွက် ယနေ့မှ စတင်ကာ အဝင်အထွက်များ စစ်ဆေးခြင်းကို ဇန်နဝါရီ လဆန်းပိုင်း အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်နိုင်ဝင်း (ပြန်/ဆက်)