သဲကုန်း ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးနှင့် အဖွဲ့သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲတွင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနော်ပွယ်စေးမှ သဲကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ယခင်နှစ်တွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများ အား နမူနာယူ၍ ယခုနှစ်လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲမရှိ ဆောင်ရွက်နိုင်ရေး အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နယ်မြေကွင်းဆင်းဆောင် ရွက်တဲ့အခါမှာ ပြည်သူများ လိုအပ်ချက်ကို ဆောင်ရွက် ပေးရတာဖြစ်သည့်အတွက် အချို့ကိစ္စတွေမှာ သက်ဆိုင် ရာဌာနဆိုင်များအနေနဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ အခက်အခဲများနှင့် ရင်ဆိုင်တွေ့ကြုံခဲ့ ရသည့်အတွက် ယခုလို တာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေသဖွံ့ဖြိုးရေး အတွက် ပြုပြင်ဆောင်ရွက်ရမည့် လမ်း၊ တံတားနှင့် NEP မီးလင်းရေးကိစ္စရပ်များအား ဒေသခံတိုင်းရင်းသား များမှ တင်ပြခဲ့ရာ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေရှင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)