ရွှေကျင် ဒီဇင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ပြန်လည်ရွေးချယ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၃ ရက် နံနက်၁၀ နာရီခွဲအချိန်က ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းမှ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ ရွေးချယ်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပုံအကြောင်း၊ ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစောမှ ဥပဒေ၊ နည်းဥပဒေများဖြင့် ရွေးချယ်နိုင်ရေးအကြောင်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်မိုးမိုးနိုင်မှ စည်ပင်သာယာရေးကော်မတီ ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ အဆင့်ဆင့်၏အရည်အချင်းများနှင့် လုပ်ငန်းတာဝန်များ၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်း အကြောင်းများကို ရှင်းလင်းဆွေးနွေးပေးသည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)