ကြို့ပင်ကောက်မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံ ၉၂၄၇၈ ဧက စိုက်ပျိုးပြီးစီး

ကြို့ပင်ကောက် စက်တင်ဘာ ၂၅

ပဲခူးတိုင်း‌ဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ၉၂၄၇၈ ဧက လျာထားစိုက်ပျိုးခဲ့ရာ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကြို့ပင်ကောက်မြို့နယ်အတွင်း စိုက်ပျိုးသောအဓိကသီးနှံများဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ကြံနှင့်အစေ့ထုတ်ပြောင်းတို့အပြင် နှစ်ရှည်သီးနှံ၊ ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် အဓိကသီးနှံများအနက် စပါး ၈၆၈၂၅ ဧက၊ ဆီထွက်သီးနှံပေါင်း ၃၉၁၀ ဧက၊ ကြံသီးနှံ ၁၅ ဧက၊ စားဖိုဆောင်သီးနှံ ၁၂၅၂ ဧက၊ အခြားသီးနှံပေါင်း ၄၇၆ ဧကနှင့်နှစ်ရှည်ပင်ပေါင်း ၂၀၉၀ ဧကစိုက်ပျိုး ပြီးစီးနေပြီဖြစ်သည်။

မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ ဒေသတွင်းမျိုးကောင်းမျိုးသန့် ပွားများစေရေး၊ နည်းပညာပေး သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း၊ သီးနှံစုံအထွက်နှုန်းတိုးတက်ရေးနည်းပညာများ၊ သဘာဝ မြေဩဇာပြုလုပ် အသုံးပြုပုံ၊ တောင်သူ များကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်သည့် သဘာဝပိုးသတ်ဆေး၊ အပင်အားဆေးပြုလုပ်နည်းများကို သင်တန်းများ၊ ဆွေးနွေးပွဲများ ၊သရုပ်ပြပွဲများဆောင်ရွက်၍ အသိပညာပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးကပြောသည်။

ဇေယျာထွန်း (ပြန်ဆက်)