မြို့မနိဗ္ဗာန်ဆော်လူငယ်များအဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း ရဟန်းသံဃာတော်များ ဆွမ်း အခက်အခဲ မဖြစ်ပေါ်စေရန် ကုသိုလ်ယူဆောင်ရွက်

ကွမ်းခြံကုန်း ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့မပိုင်းရပ်ကွက်၌ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေသော ကာလအတွင်း ရဟန်းသံဃာတော်နှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ ဆွမ်းအခက်အခဲမဖြစ်ပေါ်စေရေးအတွက် မြို့မနိဗ္ဗာန်ဆော်လူငယ်များ အဖွဲ့မှ ရပ်ကွက်အတွင်း ကုသိုလ်ယူ နှိုးဆော်၍ နေ့စဉ် ဆွမ်းအလှူခံ ထွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။        

မြို့မပိုင်းရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများနှင့် ရပ်ကွက်နှင့် ဆက်စပ်လျက်ရှိသော ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်းသံဃာတော်နှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများ ကိုဗစ်ကာလအတွင်း ဆွမ်းခံထွက်ခြင်းမပြုနိုင်သဖြင့် ဆွမ်းအခက်အခဲ မဖြစ်ပေါ် စေရန် မြို့မနိဗ္ဗာန်ဆော် လူငယ်များအဖွဲ့မှ ရပ်ကွက်အတွင်း ကုသိုလ်ယူ နှိုးဆော်၍ နေ့စဉ် ဆွမ်းအလှူခံထွက်ပြီး အလှူရှင်များ လောင်းလှူသော ဆွမ်း၊ ဆွမ်းဟင်းနှင့် အချိုပွဲအတွက် မုန့်၊ သစ်သီးဝလံများကို မြို့မဓမ္မာရုံတွင်ခွဲဝေ၍ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။

“ရပ်ကွက်အတွင်းမှာက ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းနဲ့ သီလရှင်ကျောင်း(၂)ကျောင်းပဲ ရှိတယ်။ ဒါပေမယ့် ရပ်ကွက်ပြည်သူတွေရဲ့ စေတနာသဒ္ဓါတရားကြောင့် ရပ်ကွက်ချင်း ဆက်စပ် နေတဲ့ အခြား ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းနဲ့သီလရှင်ကျောင်း(၁)ကျောင်းကိုပါ နေ့စဉ် လှူဒါန်းနိုင်ပါတယ်။ စုစုပေါင်း ဘုန်းတော်ကြီးကျောင်း (၇)ကျောင်းနဲ့ သီလရှင်ကျောင်း (၃)ကျောင်းမှာရှိတဲ့ရဟန်းသံဃာတော်နဲ့ သီလရှင် ဆရာကြီး၊ ဆရာလေးများအတွက် ဆွမ်းအခက်အခဲ  မဖြစ်ပေါ်အောင် နေ့စဉ် ကုသိုလ်ယူဆောင်ရွက်လျက်ရှိပါတယ်လို့ မြို့မ နိဗ္ဗာန်ဆော် လူငယ်များအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးဇော်ဝင်းထံမှ သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)