ကျောက်တန်းမြို့နယ် ကရင်ချောင်ကျေးရွာတွင် သန့်မြန်မာအဖွဲ့နှင့် မြန်မာ့ဂုဏ်ရည် အမှိုက် ကင်းစင်ရေးအသင်းတို့ ပူးပေါင်း၍ ကျေးရွာသန့်ရှင်းသာယာရေး အမှိုက်ကောက်၊ အမှိုက်သိမ်းခြင်းများဆောင်ရွက်

ကျောက်တန်း  ဒီဇင်ဘာ ၂၄

ကျေးလက်နေပြည်သူများ လူနေမှုဘဝတိုးတက်မြင့်မားလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများလျှော့ချနိုင်စေရန်ရည်ရွယ်ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကရင်ချောင်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ သန့်မြန်မာမှ Mr. Friedor Jeske အဖွဲ့နှင့် မြန်မာ့ဂုဏ်ရည် အမှိုက်ကင်းစင်ရေး အသင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီမှ စတင်ကာ ကျေးရွာအတွင်း စုပေါင်းအမှိုက်ကောက်ခြင်းနှင့် အမှိုက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ပူးပေါင်းအဖွဲ့များသည် ကျေးရွာအတွင်း အမှိုက်ကောက် အမှိုက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စွန့်ပစ်အမှိုက်စိုများမှ သဘာဝဓာတ်မြေဩဇာများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် အမှိုက်ကင်းစင်ရေးဆောင်ရွက်အဖွဲ့များအား စေတနာရှင် ဒေါ်ကြည်သန်း မှ ကြာဇံကြော်များ အာဟာရဒါန ကျွေးမွေးခဲ့ကြောင်း သိရသည်။

 “ကျေးရွာသန့်ရှင်းသာယာလှပရေး၊ ကျေးလက်နေပြည်သူများပလပ်စတစ်သုံးစွဲမှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာတွေ ထိခိုက်ပျက်စီးမှုလျော့ပါးစေရေးနှင့် အများအကျိုးကို ရှေးရှုတတ်သော ပရဟိတစိတ်များ ဖြစ်တည်လာစေရန်နှင့် စုပေါင်းဆောင်ရွက်တတ်တဲ့ အလေ့ အကျင့်များ ရရှိလာအောင် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။  ဒီတပတ်ကတော့ ထူးထူးခြားခြားလို့ဆိုရမှာဖြစ်ပါတယ်၊ အခါတိုင်းက အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဆောင်ရွက် ကြတာပါ၊ ဒီတပတ်ကတော့ ဗုဒ္ဓဟူးနေ့မှာ သန့်မြန်မာအဖွဲ့နဲ့ မြို့နယ် ကျေးလက်ဦးစီးဌာနက ဝန်ထမ်းများကပါ လာရောက်ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ကိုဗစ်ကာလဖြစ်တဲ့ အတွက် ကိုဗစ်-၁၉ စည်းကမ်းချက်များနဲ့ အညီလည်း ဆောင်ရွက်ခဲ့ပါတယ်။ အခုဆို သဘာဝ ဓာတ်မြေဩဇာပါ ပြုလုပ်ကြတာဖြစ်ပါတယ်၊ ကျွန်တော်တို့ကျေးရွာအတွက် ဂုဏ်ယူပါတယ်ဗျာ၊ အခုအပတ်က  ( ၆၁ )ကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်ဟု ကရင်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ခင်ဆွေဝင်း (ကျောက်တန်း)