ဒလမြို့နယ်၌ ဘေးအန္တရာယ်လျော့ချရေးစနစ်များနှင့်စွမ်းဆောင်ရည်များ မြှင့်တင်ခြင်း စီမံကိန်း မိတ်ဆက်ရှင်းလင်း

ရန်ကုန် ဒီဇင်ဘာ ၂၄

မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော ဘေးအန္တရာယ်လျော့ချရေးစနစ်များနှင့် စွမ်းဆောင်ရည်များ မြှင်တင်ခြင်း စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့နံနက် (၁၀) နာရီက ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်  သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး က နှုတ်ခွန်းဆက် အမှာ စကားပြောကြားခဲ့ပြီး၊ အက်ရှင်အေ့မြန်မာမှ စီမံကိန်းညှိနှိုင်းရေးမှူး ဦးသီဟအောင်စိုး  က  ဒလမြို့နယ်အတွင်း၌ ၂၀၁၈-၂၀၁၉ ခုနှစ်က ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းများ နှင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင်  ဆောင်ရွက်မည့် မြန်မာ့ရပ်ရွာလူထု ဘေးဒဏ်ခံနိုင်စွမ်းတိုးမြှင့် စီမံချက် အကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး၊ မြို့နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် မြို့နယ်အဆင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းတိုးမြှင့်ရေး လုပ်ငန်းအဖွဲ့အကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အကြံပြု ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စီမံကိန်းမိတ်ဆက်ရှင်းလင်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေး၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး အောင်နိုင်ဝင်းနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

ဒလမြို့နယ်အဆင့်၊ ရပ်ကွက်နှင့် ကျေးရွာအဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်း၍   မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ မြို့ပေါ်ရပ်ကွက် ၅ ခု နှင့် ကျေးရွာအုပ်စု ၁၀ အုပ်စု အား ရွေးချယ်ပြီး အက်ရှင်အေ့မြန်မာမှ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အဆိုပါ ရပ်ကွက်နှင့်ကျေးရွာများအား ဘေးဒဏ်ခံနိုင်စွမ်း စစ်တမ်းများ ကောက်ယူနိုင်ရန် သင်တန်း ပေးခြင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းခြင်း၊ ကျား၊ မအခြေပြု ဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းပေးခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ ဘေးအန္တရာယ်မြင်နိုင်ခြေ ဆန်းစစ်လေ့လာဖော်ထုတ်ခြင်း၊ သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့် ခြင်းနှင့်  လူထုအတွင်း အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက် ကျေးရွာနေ ပြည်သူများ ပူးပေါင်းပါဝင်၍ ဘေးအန္တရာယ်လျော့ချရေးစနစ်များနှင့် စွမ်းဆောင်ရည် များကို မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နိုင်လင်းကျော်(ဒလ)