ထန်းတပင်၌ နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်မှု များနှင့် အတူ လူစုလူဝေးများမဖြစ်ပေါ်စေရေး အသွားအလာများ စစ်ဆေးကြပ်မတ်ဆောင်ရွက်

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုများမရှိစေရေး ကြိုတင်၍ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာသွား လာရာတွင် (Mask)နှာခေါင်းစည်းမဖြစ်မနေဝတ်ဆင်သွားလာစေရေး အသိပညာပေး နှိုးဆော်မှု များနှင့် လူစုလူဝေးများ မဖြစ်ပေါ်စေရေးအတွက် အသွားအလာများစိစစ်ကာ စစ်ဆေး ဆောင်ရွက်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ထန်းတပင်မြို့ဝင် တိုးဂိတ်၊ ကုက္ကိုဝတံတား အဆင်းဂိတ်၊ ရေပေါ်သောင် တံတားဂိတ်နှင့် မြို့ချောင်းတံတားဂိတ်တို့တွင် မြို့နယ်တာဝန်ရှိသူ များက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း ဦးဆောင်၍ မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များပူးပေါင်းကာ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကို ကြိုတင်ကာကွယ် ထိန်းချုပ်ဆောင်ရွက်သွားနိုင်ရန်အတွက် ထန်းတပင် တိုးဂိတ်၊ ကုက္ကိုဝတံတားအဆင်း၊ ရေပေါ်သောင် တံတားဂိတ်နှင့်မြို့ချောင်းတံတားဂိတ်တို့တွင် ဖြတ်သန်းသွားလာနေကြသူများတွင် နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိသူများအား နှာခေါင်း စည်းများ (အခမဲ့)ဖြန့်ဝေပေးခဲ့ကြကာ နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်သွားလာရေးတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြ ကြသလို လူစုလူဝေးများ မဖြစ်ပေါ်စေရေးအတွက် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့မထွက်ခွာစေရေးတို့ဖြင့် အသွားအလာများ ကို စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

“အခုရောက်ရှိတော့မယ့် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလမှာ ကိုဗစ်-၁၉ရောဂါကို ကြိုတင် ကာကွယ်ထိန်းချုပ်ဆောင်ရွက်သွားနိုင်ဖို့ လူစုလူဝေးတွေမဖြစ်ပေါ်စေရေးနှင့် အသွားအလာများ လျော့နည်းလာစေဖို့အတွက်ဆိုပြီးတော့ ထန်းတပင်မြို့နယ်အတွင်းမှာ အသိပညာပေးခြင်းနှင့် အသွားအလာ စစ်ဆေးကြပ်မတ်ဆောင်ရွက်နေတာပါ အသွားအလာစစ်ဆေးကြပ်မတ်တာနဲ့ အသိပညာပေးဆောင်ရွက်တာကိုတော့ နှစ်သစ်ကူးကာလအထိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းကရှင်းပြသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)