တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၃) ဦး ထပ်မံတွေ့ရှိ

တောင်တွင်းကြီး ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်‌တွင် ယမန်နေ့ညက ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၃) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။

တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ညနေက အုန်းတော (၁) ရပ်ကွက်တွင် နေထိုင်သော အသက် (၂၀) နှစ်ရှိ အမျိုးသား(၁)ဦးနှင့် အုန်းတော (၁) ရပ်ကွက်နေ ပုဂ္ဂလိကဘဏ်တွင် လုပ်ကိုင်သော အသက် (၃၈) နှစ်ရှိ အမျိုးသား(၁)ဦးတို့သည် အနံ့မရရှိကြောင်း သတင်းပေး ပို့လာသဖြင့် ကိုဗစ်အမြန်စစ် RTD Test Kit ဖြင့်စစ်ဆေးရာ Covid - 19 ရောဂါပိုး (Positive) တွေ့ရှိခဲ့သည်။

ဆက်လက်၍ အဆိုပါ ပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၂၅) ဦးတို့အား အချိန်နှင့် တစ်ပြေးညီ စစ်ဆေးရာ  ပုဂ္ဂလိကဘဏ်ဝန်ထမ်း၏ မိသားစုများအပါအဝင် ထိတွေ့ဆက်စပ်သူ (၁၁) ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive) ထပ်မံ တွေ့ရှိခဲ့သဖြင့် ဒေသတွင်း ကူးစက်ခံ ရသူ တစ်ရက်တည်း (၁၃) ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့အတည်ပြုလူနာများအား ပရပ်ကြယ်တိုက်နယ်ဆေးရုံ (အဆောက်အဦသစ်) သို့ အချိန်နှင့် တစ်ပြေးညီ ပို့ဆောင်ခြင်းတို့ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် (ခ) ကိုလှိုင်လှိုင် ၊  မြို့နယ်ကျန်းမာရေးမှူး ဦးခင်မောင်သင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဌေး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးဦးကျော်အောင်ဌေးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ ပရဟိတလူငယ်များ၊ အုန်းတော ( ၂ ) ရပ်ကွက်၊ ကလျာဏသုခလူမှု ကူညီရေးအသင်း မော်တော်ယာဉ်၊ ပြည်သူ့ဆေးရုံ မော်တော်ယာဉ်၊ ထန်းပင်ကုန်းကျေးရွာ မေတ္တာကရုဏာလူမှုကူညီရေး အသင်းမော်တော်ယာဉ် တို့က လိုအပ်သော ကူညီပံ့ပိုးပေါင်းစပ်ပေးမှုများ ပြုလုပ်ပေးခဲ့ကြကြောင်းနှင့် အဆိုပါ ပိုးတွေ့ အတည်ပြုလူနာ နေထိုင်ခဲ့ရာ နေအိမ်၊ အဆောက်အဦများနှင့် ထိတွေ့ဆက်စပ်ခဲ့ကြသည့် နေအိမ်၊ အဆောက်အဦများအား ယာယီ ကန့်သတ်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည် ။

၎င်း ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူများအား ထပ်မံစိစစ် စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)