ရွှေတောင် စက်တင်ဘာ ၂၉
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၂၆ ရက်နေ့ နေ့လယ် (၁) နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က (ခွဲ) သရက်တောကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အေးချမ်းဝင်းက ခွေးရူးရောဂါသည် ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး (Rabies virus) ကူးစက်ခြင်းကြောင့် ဖြစ်သောကြောက်စရာကောင်းသည့် ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ခွေးနှင့်လင်းနို့များမှ တစ်ဆင့်လူကိုကူးစက်ခြင်းဖြစ်ကြောင်း၊ ခွေးရူးပြန်ရောဂါရှိသော တိရစ္ဆာန်များကိုက်ခံရခြင်း (သို့မဟုတ်) ကုတ်ခံရခြင်းမှတစ်ဆင့် ကူးစက်ခံရပြီး ခွေးရူးပြန်ရောဂါဖြစ်လျှင် အသက်သေဆုံးနိုင်ခြေများကြောင်း၊ ခွေးကြောင်များကို အသိရှိရှိဖြင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းသည် မိမိနှင့်မိသားစုကိုသာမက လူအဖွဲ့အစည်းတစ်ခုလုံးကို ခွေးရူးရောဂါအန္တရာယ်မှကာကွယ်နိုင်ကြောင်း၊ လူတွင်ခွေးကိုက်ခံရပါက ခွေးရူးရောဂါမဖြစ်အောင်ကာကွယ်ရန်နည်းလမ်းများ၊ ခွေးရူးရောဂါမဖြစ်ပွားရန် ခွေးများကို ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံရန်လိုအပ်ကြောင်းနှင့် ခွေးရူးပြန်ရောဂါနှင့် ပတ်သက်သော အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများ ခွေးရူးပြန်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)