ပွင့်ဖြူမြို့နယ်၌ ကျွဲနွား တိရစ္ဆာန်များ ကုန်သွယ်မှုဆိုင်ရာ အရေးကြီးကူးစက်ရောဂါများ စူးစမ်း ထောက်လှမ်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်

ပွင့်ဖြူ   ဒီဇင်ဘာ  ၂၄

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ်အတွင်း ဒေသခံ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေ တိုးပွားရေးအတွက်  မွေးမြူထားရှိသော ကျွဲနွားတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကျွဲနွားတိရစ္ဆာန် ကူးစက်ရောဂါများ ကင်းဝေးစေရန်နှင့် တိရစ္ဆာန်မှ တစ်ဆင့် လူများကို ကူးစက်မှုမဖြစ်စေရေးအတွက် ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ကာ မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာအား သွားရောက်၍ မဲခေါင် - လန်ချန်းနိုင်ငံများအကြား တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများအား တရားဝင် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် တိရစ္ဆာန်ဆေးကုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးရေး စီမံကိန်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  မဲခေါင် - လန်ချန်းနိုင်ငံများအကြား တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများအား တရားဝင်နယ်စပ် ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် တိရစ္ဆာန် ဆေးကုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ပေးရေးစီမံကိန်းလုပ်ငန်းအား ပွင့်ဖြူမြို့နယ်အတွင်း စီမံကိန်း ဝင်ကျေးရွာများဖြစ်သည့် သာဂရကျေးရွာ ၊ ကျစ်ကိုင်းကျေးရွာ ၊ ကံလှကျေးရွာ ၊ ပေတော ကျောင်းကုန်းကျေးရွာ ၊ အရှေ့လေးအိမ်ကျေးရွာတို့တွင် ဒေသခံကျေးလက် နေပြည်သူများ မွေးမြူထားရှိသည့် ကျွဲနွားတိရစ္ဆာန် ကောင်ရေ (၉၀)အား တိရစ္ဆာန်ကူးစက်ရောဂါ ကင်းဝေးစေရန်အတွက် TuberculinTest စစ်ဆေးခြင်း နှင့် Blood Sample Collection ပြုလုပ်ခြင်းများကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး၏ အနီးကပ်ကြီးကြပ်မှု ဖြင့် ဝန်ထမ်းများက အဖွဲ့(၂)ဖွဲ့ခွဲပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူတွေ တစ်ပိုင် တစ်နိုင် မွေးမြူထားတဲ့ ကျွဲနွား တိရစ္ဆာန်တွေကို တိရစ္ဆာန်ကူးစက်ရောဂါများ ကင်းဝေးစေရန် ၊ တိရစ္ဆာန်မှ လူကို ကူးစက် ပြန့်ပွားမှု မရှိစေရန်နဲ့ ပြည်ပနိုင်ငံများသို့ ရောဂါဘယ ကင်းဝေးသော ကျွဲနွား တိရစ္ဆာန်များ တင်ပို့ရောင်းချခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေပိုမို ရရှိစေရန် ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ စားသုံးသောပြည်သူများ ကျန်းမာရေးဘေးကင်း လုံခြုံစေရန် စသည့် ရည်ရွယ် ချက်များဖြင့်  မဲခေါင် - လန်ချန်းနိုင်ငံများအကြား တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများအား တရားဝင်နယ်စပ် ကုန်သွယ်မှုပြုလုပ်နိုင်ရန်အတွက် တိရစ္ဆာန်ဆေးကုလုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ပေး ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီစီမံကိန်းကိုတော့ ပွင့်ဖြူမြို့နယ်အတွင်းရှိ သာဂရ ကျေးရွာ ၊ ကျစ်ကိုင်းကျေးရွာ ၊ ကံလှကျေးရွာ ၊ ပေတောကျောင်းကုန်းကျေးရွာနှင့် အရှေ့လေးအိမ်ကျေးရွာတို့မှာ အကောင် အထည်ဖော် ဆောင်ရွက် တာဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်မှုအနေနဲ့ကတော့ စီမံကိန်းဝင်ကျေးရွာ(၅)ရွာမှာရှိတဲ့ အိမ်ထောင်စု(၄၅)စုက ဒေသခံပြည်သူများ မွေးမြူထားရှိတဲ့ ကျွဲနွားတိရစ္ဆာန်ကောင်ရေ (၉၀)ကို တိရစ္ဆာန်ကူးစက်ရောဂါ ကင်းဝေးစေရန် TuberculinTest (အဆုပ်တီဘီရောဂါ) စစ်ဆေးခြင်း နှင့် Blood Sample Collection ပြုလုပ်ခြင်းများကို ကွင်းဆင်းဆောင်ရွက်တာဖြစ်ပြီး ဒီဇင်ဘာ(၇)ရက်နေ့မှ (၂၃)ရက်နေ့အထိ အပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။  စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူတွေကို တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနဲ့ စီမံကိန်းအမှတ်တရ တီရှပ်အင်္ကျီတစ်ထည်စီ အခမဲ့ ဖြန့်ဝေပေးခဲ့ပါ တယ်” ဟု ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေးက ပြောသည်။

ရဲဝင်းနိုင် (ညောင်ဦး)