မိုးညို စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က တောင်သူများ၊ စိုက်ပျိုးရေးလုပ်ကိုင်သူများအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှ နည်းစနစ်များရယူ၍ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦးက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းပညာများ၊ ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရမည့် နည်းပညာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများနှင့် ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)