လှိုင်းဘွဲ ဒီဇင်ဘာ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်လျက်ရှိကြောင်း လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေကျပ် (၁၁၃ ဒဿမ ၂၅)သန်းဖြင့် လှိုင်းဘွဲမြို့နယ် မိကြောင်-ဖားအိ-သမို-ရောထ-တာကရယ်နီ-ထီးပါ-ဝါးမီးကလား-တရီးဖိုးခွီး-ရှမ်းရွာသစ် ကျေးရွာချင်းဆက် မြေသားလမ်း (၃)မိုင်ဖောက်လုပ်ခြင်းနှင့် အဆိုပါမြေသားလမ်း (၃)မိုင် ပေါ်တွင် ပြည်ထောင်စု ရန်ပုံငွေကျပ်(၆၉ဒသမ၃၁၈)သန်းဖြင့် (၅ ပေ ၊ ၅ပေ ၊ ၂၆ပေ) Box Culvert (၁၅)စင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျေးရွာချင်းဆက် မြေသားလမ်း (၃)မိုင်နှင့် Box Culvert ဆောက်လုပ်ခြင်းလုပ်ငန်းကို လင်းငွေရောင် ကုမ္မဏီမှ (၂၉.၁၁.၂၀၂၀)ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယမန်နေ့က ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးခင်ချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ နယ်ခြားစောင့်တပ် အမှတ်(၂)တပ်နယ်မှူး ဗိုလ်မှူးကြီး စောကြာအင်း၊ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်း အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရေးတို့က လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ပေးခြင်းဖြင့် ကျေးရွာချင်းဆက် လမ်းပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများမှာ မြို့ပြနှင့်ကျေးလက် ရာသီမရွေး ပိုမိုလွယ်ကူစွာ သွားလာနိုင်ပြီး ဒေသအတွင်း လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်လာခြင်းကြောင့် ကျေးရွာ(၂၆)ရွာ အိမ်ခြေ(၁၇၂၈)အိမ်၊ အိမ်ထောင်စု(၁၉၄၆)စု၊ လူဦးရေ(၁၀၂၈၆)ဦးအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည့် လမ်းပမ်းဆက်သွယ်ရေးဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)