သာယာဝတီမြို့တွင် “ဒစ်ဂျစ်တယ်နည်းပညာ ဗဟုသုတနှင့်သုံးစွဲမှု အလေ့အကျင့် တို့မြှင့်တင်” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

သာယာဝတီ ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် ယမန်နေ့  ညနေ ၂ နာရီက “ဒစ်ဂျစ်တယ်နည်းပညာဗဟုသုတနှင့် သုံးစွဲမှု အလေ့အကျင့် တို့ မြှင့်တင်"  ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒီဇင်ဘာလ ၂၁ ရက်နေ့ထုတ်  မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၂) မှ ဒစ်ဂျစ်တယ် နည်းပညာဗဟုသုတ နှင့် သုံးစွဲမှုအလေ့အကျင့်တို့ မြှင့်တင်ခေါင်းစဉ်မှ  ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့သည့် ကာလက  နည်းပညာမြင့်မားသည့်ခေတ် ဖြစ်နေခြင်းကြောင့် အခက်အခဲ အကျပ်အတည်း တော်တော်များများကို ပြေလည်စေကြောင်း၊ အထူးသဖြင့် လူတိုင်းလိုလို၏ အိတ်ထဲတွင် ရှိနေသော လက်တစ်ဝါးသာသာ မိုဘိုင်းဖုန်း ကလေးက အခရာကျကြောင်း၊ အင်တာနက် ကွန်ရက်နှင့် ချိတ်ဆက်ထားသော မိုဘိုင်းဖုန်းကလေးကို အသုံးပြု၍ ကိစ္စအတော်များများကို လျင်လျင်မြန်မြန် အဆင်ပြေပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ကိုဗစ်ရောဂါကို အကြောင်းပြု၍ အသွားအလာတို့ကို တားဆီး ကန့်သတ်ရခြင်း၊ လူစုလူဝေးမဖြစ်အောင် ရှောင်ကြဉ်ရခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေထက်မနည်း ခပ်ခွာခွာနေရခြင်း စသည့်အကန့် အသတ်တို့ကို မဖြစ်မနေ ကျော်လွှားနိုင်ရန်အတွက်   နည်းပညာကို မသုံးမဖြစ် သုံးစွဲလာ ရကြောင်း၊ လက်ထဲမှာရှိနေသည့်  ဖုန်းကလေးကို သုံး၍  ကုန်ပစ္စည်း အရောင်းအဝယ်ပြု လုပ်ကြခြင်းဖြင့် ဈေးကွက်ကို အွန်လိုင်းပေါ်ရောက်အောင် ရွှေ့ပြောင်းလိုက်ရကြောင်း၊ မိမိတို့ သားသမီးများ၏ ပညာရေး နှောင့်နှေးမသွားစေဖို့လည်း အွန်လိုင်းမှာပင် ကျောင်းထားကြ ရကြောင်း၊ ဆွေးနွေးပွဲ များ၊ အစည်းအဝေးများ၊ သင်တန်းများ စသည်တို့သာမက ဓလေ့ထုံးတမ်း ယဉ်ကျေးမှု ဖြစ်သည့် အာစရိယ ပူဇော်ပွဲတို့ကိုပင် ဒစ်ဂျစ်တယ် နည်းပညာကို သုံး၍ ကျင်းပကြရတော့ကြောင်း၊ ကူးစက်မြန်ကပ်ရောဂါ၏  တွန်းအားကြောင့် ဒစ်ဂျစ် တယ် သိနားလည်မှုအား နည်းသည့် မိမိတို့နိုင်ငံအဖို့ အတိုင်းအတာ တစ်ရပ်အထိ အရွေ့ဖြစ် ပေါ်ခဲ့သည်ဟုပင် ဆိုရမည် ဖြစ်ကြောင်း၊ “ကိုဗစ်-၁၉ ရောဂါဟာ ဒစ်ဂျစ်တယ်စနစ် အသွင် ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်နဲ့ ဒစ်ဂျစ်တယ်စနစ်ရဲ့ အရေးပါမှုကို  မီးမောင်းထိုး ပြသနေ ခြင်းဖြစ်ကြောင်း စသည်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

သန့်ဇော် (သာယာဝတီ)